နိုင်ငံ ၂၀ ကျော်တွင် အသည်းရောင်ရောဂါ ခံစားနေရဖွယ်ရှိသည့် ကလေးလူနာ ၂၂၀ ကျော်တွေ့ရှိ

အသည်းရောင်ရောဂါ ခံစားနေရဖွယ်ရှိတဲ့ ကလေးလူနာ ၂၂၈ ယောက်ထက်မနည်း တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ပြောခွင့်ရက မေ ၃ ရက်မှာ ပြောလိုက်ပါတယ်။
နောက်ထပ် ဒါဇင်ချီတဲ့ လူနာတွေကိုလည်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မေ ၁ ရက်နေ့ထိ ရထားတဲ့ သတင်းအချက်အလက်အရ ရောဂါခံစားနေရသူ လူနာ ၂၂၈ ယောက်ကျော်ဟာ နိုင်ငံ ၂၀ ကျော်က လူနာတွေလို့ WHO ပြောခွင့်ရ တာရစ်ခ် ဂျာစာရေဗစ်ခ်က ဂျီနီဗာမြို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကလေးငယ်တွေကြားမှာ ပြင်းထန်တဲ့ အသည်းရောင်ရောဂါ ကူးစက်မှု ထူးထူးခြားခြား တိုးနေရတဲ့ အကြောင်းရင်းကို ကမ္ဘာတလွှားက ကျန်းမာရေး အာဏာပိုင်တွေက စူးစမ်းလေ့လာနေပါတယ်။
ဒီရောဂါကြောင့် ကလေးတယောက်ထက်မနည်း သေဆုံးခဲ့ပြီးပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။