close

ကရင်နီစစ်ရှောင်များအတွက် waterproof မိုးကာများ လိုအပ်နေ

ရှမ်းနဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ ကရင်နီစစ်ရှောင်စခန်းတွေ ခိုလှုံနေကြတဲ့ ပြည်သူတွေရဲ့ မိုးကာတဲအများစုဟာ ဆွေးမြေ့နေပြီဖြစ်တာကြောင့် လာမယ့်မိုးရာသီကို ဖြတ်သန်းနိုင်ဖို့  waterproof မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

“ကျနော်တို့ စစ်ဘေးရှောင်စခန်းမှာရှိတဲ့ မိုးကာတဲတွေရဲ့ မိုးကာတွေအများစုက ဆွေးကုန်ပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးရွာတော့ တဲအများစုဟာ မိုးတွေယိုပြီး မိသားစုတွေ ဒုက္ခရောက်ကြတယ်။ မိုးရာသီထဲဝင်ရင်တော့ waterproof တွေလိုပြီဗျာ” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

ကယားပြည်နယ်အတွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲနယ်တွေမှာ အာဏာ သိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာ ၁ နှစ်နီးပါးရှိနေပါပြီ။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရှမ်းနဲ့ ကယားက ပြည်သူနေ အိမ် ၅၀၀ ကျော်ကို ဖျက်ဆီးခဲ့တာကြောင့် နေထိုင်စရာအိမ်မရှိတော့တဲ့ မိသားစုအများစုဟာ မိုးကာတဲကိုပဲ အမှီပြုပြီး နေထိုင်နေရတာကြောင့် လာမယ့်မိုးရာသီအတွက် waterproof တွေ အထူးလိုအပ်နေတာပါ။

“စစ်တပ်က ကျနော်တို့ အိမ်တွေကို မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရွာပြန်လို့လည်းမရတော့ဘူး။ စစ်တပ်က မိုင်းတွေထောင်ထားတယ်။ မိုင်းထိတဲ့ပြည်သူလူထုလည်း မနည်းတော့ဘူး။ ဒီတော့ စစ်ရှောင်စခန်းမှာပဲ မိုးကာတဲထိုးပြီး နေနေရတယ်။ မိုးကာတွေတော့ အရမ်းကို လိုအပ်နေပြီ" လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

လက်ရှိ ကယားပြည်နဲ့ ရှမ်းပြည် ဖယ်ခုံမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း ဖြစ်ပွားနေတာကြောင့် ကရင်နီပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up