close

သီရိလင်္ကာသမ္မတ ဝန်ကြီး ၄ ဦး ခန့်အပ်၊ ညမထွက်ရအမိန့် ပြန်ရုပ်သိမ်း

သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်စာက မေ ၁၄ ရက်နေ့မှာ ကက်ဘိနက် ဝန်ကြီး ၄ ယောက်ကို အသစ်ခန့်အပ်လိုက်ပြီး တနိုင်ငံလုံးမှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ထားတာကိုလည်း ၁၂ နာရီကြာ ပြန်ရုပ်သိမ်းပေးလိုက်ပါတယ်။ 

အစိုးရအဖွဲ့တွင်း ရာထူးအပြောင်းအလဲ လုပ်နေချိန်မှာ အစိုးရ ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြားက ပဋိပက္ခက ဆက်ဖြစ်နေတုန်းပါပဲ။ 

အတိုက်အခံ ညီညွတ်သောအမျိုးသားရေးပါတီ (ယူအန်ပီ) ခေါင်းဆောင် ရာနေး ဝစ်ကရင်းမဆင်းဂ်ဟာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာပြီး သမ္မတ ရာဂျာပက်စာကတော့ နိုင်ငံအကြီးအကဲအဖြစ် ဆက်ရှိနေပါတယ်။  

မြို့တော် ကိုလံဘို အပါအဝင် မြို့ကြီးတွေမှာ တလကြာ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာကို လျော့ချဖို့ ရည်ရွယ်ချက်နဲ့ သမ္မတ ရာဂျာပက်စာက သူ့ရဲ့အစ်ကို နေရာမှာ အရင် ဝန်ကြီးချုပ်ဟောင်းကို အစားထိုးခန့်အပ်လိုက်တာပါ။ 

ဝါရင့်နိုင်ငံရေးသမားဖြစ်တဲ့ အရေးပေါ်ကာလ ဝန်ကြီးချုပ်သစ်ဟာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်မှာ ကြုံနေရတဲ့ အခက်အခဲကို ကိုင်တွယ်သွားမယ့်သဘောမျိုး ရှိပါတယ်။ 

အစိုးရရဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ ကိုဗစ်-၁၉ ကပ်ဘေး၊ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့နောက်ပိုင်း လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာတွေကြောင့် သီရိလင်္ကာဟာ စီးပွားရေး အကျပ်အတည်းဆိုက်ပြီး နိုင်ငံခြားကနေသွင်းရတဲ့ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်တဲ့အထိ ဖြစ်နေပါတယ်။

//
Up