ယူကရိန်းအရှေ့ဘက်ခြမ်းကို ရုရှားများ အပြင်းအထန်ထိုးစစ်ဆင်

ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းက တိုက်ပွဲ အခြေအနေဟာ အလွန်ပြင်းထန်နေတယ်လို့ ယူကရိန်း သမ္မတ ဇလန်စကီးက ဇွန် ၂၀ ရက်မှာ ပြောပါတယ်။
ရုရှားတပ်ဟာ အရှေ့ဘက်ခြမ်းက ပင်လယ်ကမ်းရိုးတန်းဒေသကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာ ဒီရက်တွေအတွင်း အရှေ့ဘက်ဒေသက မြို့နှစ်မြို့ဟာ စစ်ဒဏ်ကို အလူးအလဲ ခံနေရတယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
“လေစစ်ချန့်ခ်စ်နဲ့ ဆေယာဗေးရို ဒိုးနက်စ်ခ်မြို့တွေကို ကာကွယ်နေရတာ အခက်အခဲဆုံး အခြေအနေ ဖြစ်နေတယ်”လို့ ဇလန်စကီးက ညစဉ် ပြောကြားတဲ့ မိန့်ခွန်းမှာ ပြည်သူတွေကို အသိပေးပြောကြားသွားပါတယ်။
ယူကရိန်းအရှေ့ဘက်က လူ့ဟန့်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူးကလည်း ရုရှားတပ်တွေဟာ ဆေယာဗေရို ဒိုးနက်စ်ခ်မြို့ကို တိုက်ခိုက် သိမ်းပိုက်နေတာ အရပ်သားတွေ စစ်ဘေးရှောင်နေတဲ့ အဇော့ဒ် Azot ဓာတု စက်ရုံတရုံပဲ ကျန်နေတော့တယ်လို့ ပြောပါတယ်။
မြို့အဝင်အထွက် လမ်းတွေနဲ့ ကပ်လျှက် နောက်မြို့ တမြို့ဖြစ်တဲ့ ဗားမောက် Bakhmut မြို့ကို ရုရှားတပ်က အမြောက်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ပိတ်ဆို့နေတယ်လို့လည်း ပြောပါတယ်။
ရုရှားလိုလားတဲ့ လက်နက်ကိုင် တပ်တွေဟာ ဆေဗားစကီး ဒိုးနတ်စ်မြစ် အနောက်ဘက်ကမ်းက တော့ရှ်ကက်ဗ်ကာ မြို့ကိုလည်း သိမ်းပိုက်ထားလိုက်ပြီး ကြေညာထားပါတယ်။
ဒီအတောအတွင်းမှာ ရုရှားတပ်တွေဟာ ခါကိဗ်နဲ့ အိုဒက်ဆာမြို့ကိုလည်းဆက်ပြီး တိုက်ခိုက်နေ တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။