ရေးမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစုကို စစ်ကောင်စီဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်က ရွှေဆိုင်ပိုင်ရှင် မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ် ၂၈ ရက်က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေဆိုင် အိမ်ရှင်မိသားစုတွေကို စစ်ကောင်စီဘက်က ညတွင်းချင်း ဘာအကြောင်းပြချက်နဲ့ ဖမ်းသွားခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။
ဖမ်းဆီးခံရတဲ့မိသားစုနဲ့ နီးစပ်တဲ့ ဒေသခံတဦးက “ရွှေဆိုင်ပိုင်ရှင် အိမ်သားတွေ အကုန်ဖမ်းသွားတယ်။ သက်ကြီးရွယ်အိုး အဘိုး တစ်ဦးပဲ အိမ်မှာ ကျန်ခဲ့တယ်။ သြဂုတ် ၂၈ ရက်နေ့ ညကပဲ တခြား နေအိမ်ကလူတွေပါ ထပ်မံဝင်ရောက်ဖမ်းသွားတယ်။ အခုထိ ဖမ်းဆီးခံထားရတဲ့ မိသားစုနဲ့ တွေ့ဆုံခွင့်မရသေးဘူး”လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရဲ့ ရွှေဆိုင်ပိုင်ရှင်မိသားစုတွေကို စစ်ကောင်စီက ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာလည်း မသိရသေးပါဘူး။
စစ်ကောင်စီဘက်ကတော့ နိုင်ငံတဝန်းမှာ PDF တွေကို ငွေကြေးထောက်ပံ့တာတွေ၊ ကူညီအားပေး ထောက်ခံတာတွေလုပ်ဆောင်သူတွေကို လူမှုကွန်ရက်ကနေ ခြေရာခံနောက်ယောင်ခံလိုက်ပြီး မသင်္ကာတဲ့သူတွေကို ဖမ်းဆီးလိုက်၊ ငွေယူပြီး ပြန်လွှတ်လိုက် လုပ်ဆောင်နေပါတယ်။
ဒေသဆိုင်ရာ PDF တွေက စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးနဲ့ လက်ပါးစေတွေကို တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက မြို့တွင်းကို လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားသလို ဌာနဆိုင်ရာရုံးတွေလည်း ယာယီပိတ်ထားခဲ့ပါတယ်။