close

မိုးကောင်းတွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ စက်တင်ဘာ ၈ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဈေးကုန်းရပ်ကွက်က ရာအိမ်မှူး မောင်စိုးကို အမည်မသိ သေနတ်သမားအဖွဲ့က သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ရာအိမ်မှူးက တည်းခိုခန်းနဲ့ အရက်ဆိုင် ဖွင့်ထားတာ။ မနက် လေးနာရီလောက်က အရက်ဆိုင်ထဖွင့်နေတုန်း အပစ်ခံရတာ။ ပွဲချင်းပြီးသေတယ်။ ခြောက်ချက်လောက်ရှိတယ် အပစ်ခံရတာ။ ဘယ်သူပစ်လဲတော့ မသိရဘူး” လို့ ပြောပါတယ်။

သေနတ်နဲ့အပစ်ခံရတဲ့ ရာအိမ်မှူး မောင်စိုးဟာ စိုးကံသာ တည်းခိုခန်းနဲ့ အရက်ဆိုင်ပိုင်ရှင် တယောက်ဖြစ်ပြီး ပျူစောထီးခေါင်းဆောင်တယောက်ဖြစ်ကာ စစ်ကောင်စီက ပေးထားတဲ့ သေနတ်ရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း မိုးကောင်းမြို့နယ် စည်ပင်သာယာရုံး၊ မြို့မရဲစခန်းတွေမှာ ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားခဲ့ပြီး မိုးကောင်းစည်ပင်သာယာဈေးအနီးမှာလည်း စစ်ခွေး၊ ရဲခွေးလို့ ရေးထားတဲ့ အလံကို ပြေးကန်တဲ့ နယ်ထိန်းရဲတပ်ကြပ်တယောက် ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up