ဇာပိုရစ်ချ်ဇီယာနျူဓာတ်အားပေးစက်ရုံ ပိတ်ပစ်ရန် ယူကရိန်း သုံးသပ်နေ

ယူကရိန်းဟာ ရုရှားသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာနျူကလီးယားစက်ရုံကို လုံခြုံရေး အကြောင်းပြချက်နဲ့ ပိတ်ပစ်ဖို့ သုံးသပ်နေပြီလို့ ကိယက်ဗ်ရဲ့ နိုင်ငံတော် နျူကလီးယားထိန်းချုပ်ရေး စစ်ဆေးရေးအရာရှိ အိုလေးကိုရီကော့ဗ်က စက်တင်ဘာ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဥရောပရဲ့ အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ပစ်ခတ်မှုတွေကြောင့် ပြင်ပဓာတ်အားလိုင်းတွေ ပြတ်တောက်သွားခဲ့ပြီးနောက်မှာ ယူကရိန်း မဟာဓာတ်အားလိုင်းနဲ့ လည်း အဆက်အသွယ် ပြတ်နေဆဲ ဖြစ်ပါတယ်။
စက်ရုံဟာ ကိုယ်ပိုင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထောက်ပံ့ပေးနေပေမဲ့ အရန်ဒီဇယ်မီးစက်တွေ ကုန်ခန်းသွားပြီဆိုရင်တော့ မီးပြတ်သွားမှာဖြစ်ကြောင်းလည်း စစ်ဆေးရေးအရာရှိက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်ဝင်ရောက်မှုကြောင့် ဒီဇယ်အရန်ဆီ ဖြည့်ဆည်းဖို့ အလွန်ခက်ခဲကြောင်းလည်း သူကပြောပါတယ်။ ရုရှားတပ်တွေဟာ မတ်လအစောပိုင်းက အဲဒီစက်ရုံကို သိမ်းပိုက်နိုင်ခဲ့ပေမဲ့ ယူကရိန်းပညာရှင်တွေက ဆက်လည်ပတ်နေရဆဲ ဖြစ်ပါတယ်။
ဓာတ်အားပေးစက်ရုံရဲ့ အခြေအနေအပေါ် IAEA ရဲ့ အစီရင်ခံစာမှာလည်း မလုံလောက်ကြောင်း ယူကရိန်းသမ္မတ အကြံပေးကပြောပါတယ်။
ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံကနေ ထွက်ခွာသွားရမယ်လို့လည်း မပြောထားသလို ၁၀ ကီလိုမိတာကနေ ၁၅ ကီလိုမီတာ အတွင်းကိုလည်း စစ်မဲ့ဧရိယာလို့ဖော်ပြမထားပါဘူး။
တကယ်လို့ ရုရှားဟာ ဒီအချက်တွေကို မလိုက်နာရင် နျူကလီးယားစက်ရုံအတွက် ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို သေချာပေါက် ရင်ဆိုင်ရမယ်လို့လည်း ဆိုပါတယ်။