close

ဟန်ဂေရီတွင် အလုပ်ထုတ်ခံကျောင်းဆရာများကိုထောက်ခံသည့်အနေဖြင့် လူသောင်းချီ ဆန္ဒပြ

ဟန်ဂေရီနိုင်ငံ၊ မြို့တော်ဘူဒါပတ်စ်မှာ ဟန်ဂေရီကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေ အပါအဝင် လူအင်အား အနည်းဆုံး ၁၀,၀၀၀ လောက်ဟာ အောက်တိုဘာ ၅ ရက်က ဘူဒါပတ်စ်တံတားကို ပိတ်ဆို့ခဲ့ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။

လုပ်ခလစာ တိုးမြင့်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းဆရာတွေနဲ့ ဆန္ဒပြလို့ အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ စုရုံးဆန္ဒထုတ်ဖော်နေကြတာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းမှာ ဘူဒါပတ်စ်တလျှောက် ကီလိုမီတာနဲ့ချီ ရှည်လျားတဲ့ ဆန္ဒပြလူတန်းကြီးကို မြင်တွေ့ရပြီး  ကျောင်းသားတွေဦးဆောင်ပြီး လူထုစည်းဝေးပွဲကို စတင်ခဲ့ပါတယ်။

ကျောင်းဆရာတွေဟာ “စာသင်ပေးချင်ပါတယ်” ဆိုတဲ့ လှုပ်ရှားမှုကို စတင်ခဲ့ပြီး မြင့်မားတဲ့ လုပ်ခလစာတွေကို တောင်းဆိုဖို့၊ ဆရာ ဆရာမတွေ ရှားပါးလွန်းနေတာကို ဖြေရှင်းပေးဖို့နဲ့ သပိတ်မှောက်ပိုင်ခွင့်တွေကို တောင်းဆိုဖို့ အာဏာဖီဆန် စီဒီအမ် လုပ်ကြဖို့ တောင်းဆိုထားပါတယ်။

ဆန္ဒပြသူတွေဟာ “ငါတို့ဆရာတွေ ငါတို့ပြန်ပေး”၊ “ဆရာ မရှိရင် အနာဂတ် မရှိ” စသဖြင့် အော်ဟစ်ကြွေးကြော်နေကြပြီး ရဲလုံခြုံရေး ခပ်ပါးပါးချထားတဲ့ ပါလီမန်အနီး ဘူဒါပတ်စ်ရင်ပြင်မှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပါတယ်။

ဒါဟာ အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် ဧပြီလက ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆရာများသပိတ်ကို အလုပ်သမားသမဂ္ဂတွေက တောင်းဆိုခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက တနိုင်ငံလုံး ဆရာတွေရဲ့ သပိတ်မှောက်မှုအပြီးမှာ အစိုးရက သပိတ်လှုပ်ရှားမှုကို ကန့်သတ်ခဲ့ပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်တဲ့အတွက် ဘူဒါပတ်စ် အလယ်တန်းကျောင်းမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဆရာအများအပြား အလုပ်ထုတ်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up