close

ဗန်းမောက်မြို့နယ်တောင်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တောင်ပိုင်း၊ စီးမော်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးလာတာကြောင့် နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၄ ရက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်သလို ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲက နေ့တိုင်းပဲ၊ တခါတလေ ပြင်းထန်တယ်၊ တခါတလေ ကြိုးကြားကြိုးကြား ဖြစ်တယ်။ နေ့တိုင်းတော့ အသံတွေကြားနေရတယ်။ ပြည်သူတွေက ပြေးနေရတာပေါ့။ ဗန်းမောက်ဘက်ကို သွားတဲ့သူတွေကော၊ ဟိုဘက် နမ်းမလွတ်ဘက်ကို ပြေးတဲ့သူတွေကော ရှိတာပေါ့။”

တိုက်ပွဲတွေကြောင့် စီးမော်ကျေးရွာအုပ်စုက စီးမော်ရွာနဲ့ တောင်ကြီးရွာမှာ နေအိမ် ၂၀ ကျော်လောက် လက်နက်ကြီး ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့သလို စစ်ကောင်စီတပ်က မီးရှို့တာကြောင့် ကျေးရွာနှစ်ရွာက နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပါတယ်။

ဗန်းမောက်မြို့နယ် ဒေသခံတယောက်က “စီးမော်ရွာကတယောက် ပြောတာတော့ နေအိမ် ၂၃ လုံး ပါသွားတယ်ပြောတယ်။ နောက်တယောက်ပြောတော့ ၇၀ ဝန်းကျင်လောက် ပါသွားတယ်လည်း ပြောတယ်။ အတိအကျတော့ သွားကြည့်တဲ့သူတွေ ပြန်လာမှ သိရမယ်။ စီးမော်တဖက်ကမ်း တောင်ကြီးရွာကတော့ အိမ်သုံးလုံး လက်နက်ကြီးကျပြီး မီးလောင်တယ်။ အိမ်လေးလုံးကတော့ စကစတွေ မီးရှို့တာခံရတယ်” လို့ ပြောပါတယ်။

လက်ရှိ ဗန်းမောက်-အင်းတော်ကားလမ်းကို ပိတ်ထားတာကြောင့် ဗန်းမောက်မြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ နှစ်ဆနီးပါး ကုန်ဈေးနှုန်းမြင့်တက်နေပြီး စစ်ဘေး တိမ်းရှောင်နေတဲ့ ပြည်သူတွေနဲ့ ဒေသခံတွေ အခက်အခဲ ဖြစ်နေပါတယ်။

အင်အား ၃,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီးမော်ကျေးရွာကနေ နားမော်ကျေးရွာဘက်ကို ရောက်ရှိနေပြီး ခန်းပတ်တောင်ဘက်ကို ဦးတည် သွားလာနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

နားမော်ကျေးရွာပတ်ဝန်းကျင်က ကျေးရွာ ၇ ရွာလောက်မှာ နေထိုင်ကြတဲ့ ရွာသား ၃,၀၀၀ လောက်လည်း စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

ဗန်းမောက်မြို့နယ်တောင်ပိုင်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KAI)၊ PDF နဲ့ ပ.က.ဖ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့နေရာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီလေတပ်ကလည်း တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up