close

ထီးလင်းမြို့နယ်၌ စစ်ကြောင်းထိုးလာသဖြင့် ရွာသား ၃၀၀၀ ကျော်ထွက်ပြေး၊ ယင်းမာပင်မြို့နယ်၌ စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး နယ်မြေရှင်းလင်း‌ရေးအ‌‌ကြောင်းပြကာ ထိုးစစ်ဆင်နေတာကြောင့် ရွာသူရွာသားတွေ ထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ ထီးလင်းနယ်က အနောက်ဘက်ကျေးရွာကို ရောက်ရှိနေပြီး ထန်းပင်ကုန်းကျေးရွာ၊ ထလင်းကျေးရွာနဲ့ တောယောင်း ကျေးရွာတွေက ဒေသခံ ၃၀၀၀‌ ကျော်ဟာ ဘေးလွတ်ရာ တောတောင်ဒေသတွေကို ထွက်ပြေး နေကြရတာဖြစ်ပါတယ်။

ဒေသခံတဦးက "သူတို့က အမြဲစစ်ကြောင်းထိုးနေတာ။ အနောက်ဘက်ရွာကို ဒီလတလတည်း စစ်ကြောင်းထိုးတာ ၄ ကြိမ် ရှိပြီ။ နေအိမ်တွေလည်း မီးရှို့ ခံထားကြရတာ။ လက်ရှိမှာလည်း ပြေးနေ ကြရတယ်။ နေထိုင်စားသောက်ဖို့ အခက်တွေ့နေတယ်။ စားနပ်ရိက္ခာကတော့ လိုအပ်တယ်။"လို့ ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ကူညီပေးကြဖို့ ‌YDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း အောက်တိုဘာ ၁၅ ရက်ညပိုင်း ၇ လောက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတချို့ ဒဏ်ရာရရှိခဲ့သလို အိမ်မွေးတိရစ္ဆာန်တချို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မြို့ပေါ်ကျေးရွာသား ကိုဝင်းနိုင်ဟာ လက်ဖျံမှာ ဒဏ်ရာရသွားသလို  မပေါပေါကတော့  တင်ပါး၊ ပေါင်၊ ဖနောင့်တို့ ထိမှန်ဒဏ်ရာရသွားခဲ့တာပါ။

ဒါ့အပြင်  အိမ်မွေးနွား ၅ ကောင်ဟာလည်း လက်နက်ကြီးစ ထိမှန်ခံခဲ့ရပြီး နွား ၂ ကောင်ကတော့ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးစ ထိမှန်ခံခဲ့ရသူ ၂ ဦးကို ညတွင်းချင်းဆေးကုသမှုပေးနိုင်ခဲ့ပေမယ့် အိမ်မွေးနွား ၅ ကောင်ကတော့ နားလည်တတ်ကျွမ်းတဲ့ တိ/မွေးကု ဆရာဝန်ရှာပြီး ကုသမှုပေးနိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပရဟိတဆောင်ရွက်ပေးနေသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ တခြားကျေးရွာတွေဘက်တွေကိုလည်း အချိန်အတော်ကြာအောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ရွာသားတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up