close

နိုင်ငံတဝန်းတိုက်ပွဲများကြောင့် မြန်မာတွင် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက် ပိုမိုများပြားလာနေဟု ကုလပြော

နိုင်ငံတဝန်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှုတွေ၊ အရပ်သား ပြည်သူပိုင်ပစ္စည်း ပျက်စီးမှုတွေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း ပိုမိုများပြားလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေဟာ အောက်တိုဘာ ၁၇ ရက်အထိ ရရှိတဲ့ နောက်ဆုံးစာရင်းတွေအရ ၁ ဒသမ ၄ သန်းနီးပါး ရှိလာခဲ့ပြီဖြစ်ကာ အဲဒီထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ သန်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် ဒါဇင်နဲ့ချီတဲ့ပြည်သူတွေ သေဆုံးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံသတင်းတွေအရ သိရှိရတယ်လို့ UNOCHA က ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ အနန့်ပါကျေးရွာမှာ ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ၊ ကချင်ဒေသခံလူကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် အနည်းဆုံး ပြည်သူ ၅၀ လောက် ထိခိုက်သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ မောင်တော၊ မင်းပြားနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသတွေ အပါအဝင် မြို့နယ်အများအပြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့‌ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေနဲ့ စစ်တွေမြို့ကြားက အဓိကလမ်းပိုင်းတွေနဲ့ ရေကြောင်းလမ်းတွေကို ပိတ်ဆို့ထားပြီး အသွားအလာတွေ ကန့်သတ်ထားတာကြောင့် အကူအညီ လိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိဖို့ အဟန့်အတားတွေလည်း ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တွေနဲ့ ပေါက်တောအကြား အရပ်သားပြည်သူတွေ ရေလမ်းအသုံးပြုမှုကိုလည်း အောက်တိုဘာ ၁၉ ရက်ကစပြီး အကန့်အသတ်မရှိ ရပ်ဆိုင်းထားတဲ့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြစ်ပေါ်နေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် အကာအကွယ် ရရှိရေးကို ကြီးမားစွာ ခြိမ်းခြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ပဋိပက္ခကြောင့် ရွှေ့ပြောင်းအခြေချရသူတွေ၊ ထိခိုက်ခံစားရသူတွေနဲ့ အကူအညီတွေ လက်လှမ်းမီရောက်ရှိဖို့ ကန့်သတ်ထားတဲ့ ဒေသတွေက ပြည်သူတွေအတွက် အရေးပေါ်နဲ့ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေကို ဆက်လက်ပံ့ပိုးပေးနေတယ်လို့ UNOCHA က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up