close

ရခိုင်တွင် စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ကျောင်းသားများ ကျောင်းမတက်နိုင်၊ တောင်သူများ စပါး မရိတ်နိုင်

ရခိုင်ပြည်နယ်မှာ၊ စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေကို သွားလာခွင့် ပိတ်ပင်တားဆီးထားတာကြောင့် မြို့နယ်တချို့က တက္ကသိုလ်ကျောင်းသားတွေဟာ ကျောင်းသွားဖို့ အခက်အခဲတွေ ဖြစ်နေကြသလို တောင်သူတွေလည်း စပါးရိတ်ဖို့ အခက်ကြုံတွေ့နေကြပါတယ်။

ဘူသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားသလို နိုဝင်ဘာ ၁၀ ရက်ကတည်းက စစ်တွေ-ရန်ကုန် ကားလမ်းမကိုပါ ပိတ်ဆို့ထားလို့ ကျောင်းသားတွေဟာ ပြည်မရှိ အဆင့်မြင့်တက္ကသိုလ်တွေနဲ့ ရခိုင်အခြေစိုက် တက္ကသိုလ်တွေကို ကျောင်းသွားတက်ဖို့ အခက်အခဲ ဖြစ်နေကြတာပါ။

လက်ရှိမှာ စစ်ကောင်စီက စစ်တွေ-ရန်ကုန် ကားလမ်းမကို ပိတ်ထားလို့ နေပြည်တော်သွားဖို့ အခက်အခဲဖြစ်နေပြီး စစ်တွေကနေ လေယာဥ်နဲ့သွားဖို့လည်း စစ်တွေကို ပုဏ္ဏားကျွန်းကတဆင့် ပိတ်ထားတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားတယောက်က ပြောပါတယ်။

“ကျနော်တို့က ၂၁ ရက်နေ့မှာ ကျောင်းစတက်ရမှာဖြစ်တယ်။ စစ်တွေ-ရန်ကုန် ကားလမ်းက ၁၀ ရက်နေ့ကတည်းက စပြီးပိတ်လိုက်တော့ ကားနဲ့သွားဖို့လည်း အဆင်မပြေတော့ဘူး။ လေယာဥ်နဲ့သွားဖို့လည်း စစ်တွေကို သွားမရဖြစ်နေတယ်။ အခုလည်း လမ်းက ဘယ်တော့မှ ဖွင့်မယ်မသိတော့ ကျနော်တို့မှာလည်း တော်တော်လေးကို  အခက်အခဲဖြစ်နေတယ်။”

တက္ကသိုလ်ကျောင်းတွေ ၁၀ ရက်နေ့ကတည်းက ဖွင့်ထားပေမဲ့ လမ်းပိတ်ထားတာကြောင့် ကျောင်းတက်ဖို့ မသွားရောက်နိုင်သေးဘဲ ဖြစ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်တွေ နည်းပညာတက္ကသိုလ်ကျောင်းသားတယောက်က ပြောပါတယ်။

“ကျောင်းက ၁၀ ရက်နေ့ကတည်းက ဖွင့်နေပါပြီ။ ကျနော်တို့လည်း ၁၀ ရက်နေ့ မနက်ပိုင်းမှာ သွားဖို့လုပ်တုန်းမှာ ပုဏ္ဏားကျွန်းကနေပြီးတော့ လမ်းပိတ်လိုက်တော့ သွားလို့မရလိုက်တော့ဘူး။ အခုက ကျောင်းမှာက စာသင်နေကြပြီ။ လမ်းတွေကို မြန်မြန်ပြန်ဖွင့်ပေးစေချင်တယ်။”

ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရိက္ခာတင်ယာဉ် ၃ စီးကို အေအေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက စစ်တွေ-ရန်ကုန် ကားလမ်းမကို ပုဏ္ဏားကျွန်းရဲစခန်းရှေ့နဲ့ စစ်တွေ တပ်ထိန်းဂိတ်တို့က ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာတော့  မယူကမ်းဒေသ ဒုံးပိုက်ရဲစခန်းရှေ့က လယ်ကွင်းထဲတွေမှာ ပြည်သူတွေစိုက်ပျိုးထားတဲ့ စပါးတွေကို မရိတ်သိမ်းဖို့ ရဲတွေက တားမြစ်တဲ့အတွက် ဒေသခံ လယ်သမားတွေ အခက်ခဲ ကြုံတွေ့နေကြရတယ်လို့ ဒေသခံရွာသားတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့မှာ ဒီစပါးခင်းတခင်းဖြစ်ဖို့ ရာသီဥတုဒဏ်ကို အန်တုပြီး ဓာတ်မြေသြဇာစျေးနှုန်း၊ လုပ်သားခစျေးနှုန်းတွေ မြင့်တက်နေတဲ့ကြားက ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ရတာပါ။ စပါးခင်းတွေက မှည့်နေပြီဆိုတော့ ရိတ်သိမ်းချိန်မှာ ရိတ်သိမ်းခွင့်မရရင် အကုန်ကြွေကျပြီး ပျက်စီးဆုံးရှုံးမှုတွေ များပြားနိုင်တယ်။”

အဲဒီရဲစခန်းရဲ့ မျက်နှာစာမှာ လယ်မြေဧက ၄၀ ကျော်လောက်ရှိနေပြီး စပါးတွေကို မရိတ်သိမ်းရရင် စားဝတ်နေရေး အခက်အခဲဖြစ်နိုင်ပြီး လယ်သမားတွေအနေနဲ့လည်း စားနပ်ရိက္ခာ ရရှိဖို့အတွက် အဓိကထားပြီး စိုက်ပျိုးခဲ့ကြတာလို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာလည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းနားမှာရှိတဲ့ လယ်မြေတွေကို အောက်တိုဘာ ၁၈ ရက်နေ့မှာ လယ်သမားတွေ လယ်ထဲကိုမဆင်းကြဖို့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up