လန်ဒန်ရှိ တရုတ်သံရုံးအပြင်ဘက်တွင် ဆန္ဒပြ

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ မူဝါဒကို အဆုံးသတ်ဖို့ တောင်းဆိုတဲ့ တရုတ်နိုင်ငံထဲက ဆန္ဒပြပွဲတွေနဲ့အတူ သွေးစည်းကြောင်းပြတဲ့အနေနဲ့ နိုဝင်ဘာ ၂၇ ရက် ညနှောင်းပိုင်းက ဗြိတိန်မြို့တော် လန်ဒန်မြို့က တရုတ်သံရုံးအပြင်ဘက်မှာ လူအများအပြား စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
တရုတ်သံရုံးအပြင်ဘက်မှာ ဆိုင်းဘုတ်တွေကိုင်ဆောင်ရင်း ရပ်နေတဲ့ လူတွေက “ရှီကျင့်ဖျင် ရာထူးကနေဆင်း” ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးနေတဲ့ ရုပ်သံကို ရိုက်တာသတင်းဌာနက ရရှိခဲ့ပါတယ်။
ယူနီဖောင်းဝတ် ရဲအရာရှိနှစ်ဦးက သံရုံးအဆောက်အအုံ အပြင်ဘက်မှာ ရပ်ရင်း စောင့်ကြည့်နေခဲ့ကြပါတယ်။
ဂျပန်မြို့တော် တိုကျိုက လူအများအပြားဟာလည်း နိုဝင်ဘာ ၂၇ ရက်မှာ တရုတ်နိုင်ငံ အနောက်စွန်းပိုင်း ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် ဥရမ်းကီးက မီးဘေးဒုက္ခသည်တွေအတွက် ဆုတောင်းပွဲ လုပ်ခဲ့ပါတယ်။
လူထုစုဝေးမှုဟာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ထိန်းချုပ်မှုတွေကို ဆန့်ကျင်ကန့်ကွက်မှုအဖြစ် အသွင်ပြောင်းသွားခဲ့ပါတယ်။
လူအယောက် ၁၀၀ လောက်က ရှင်းဂျုခု မီးရထားဘူတာရုံ အထွက်နားမှာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ရင်း တချို့က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကွန်မြူနစ်ပါတီတို့ ရာထူးကနေ ဆင်းပေးဖို့ တောင်းဆိုကြပါတယ်။ တချို့က တရုတ်နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူအများစုက အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်အများစုဖြစ်ပြီး တရုတ်နိုင်ငံက ကျောင်းသားတွေပါ။ တချို့ကတော့ နိုင်ငံတကာ ကျောင်းသားတွေဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ရှင်ကျန်းပြည်နယ်ရဲ့ မြို့တော် ဥရမ်းကီးမြို့မှာ နိုဝင်ဘာ ၂၄ ရက်က မီးလောင်ခဲ့လို့ လူ ၁၀ ဦး သေဆုံးခဲ့တဲ့ ရုပ်သံဟာ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ပျံ့နှံ့ခဲ့ပါတယ်။ ကိုဗစ်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုကြောင့် လူသေတဲ့အထိ မီးလောင်ခဲ့တာလို့ စွပ်စွဲခဲ့ကြပါတယ်။
သီတင်းပတ်ကုန်ရက်တွေက တရုတ်မြို့တော် ပေကျင်း၊ ရှန်ဟိုင်း၊ ဝူဟန်၊ လန်ကျိုးနဲ့ ဥရမ်းကီး မြို့တွေ အပါအဝင် တရုတ်နိုင်ငံတဝန်း မြို့ကြီးတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆန့်ကျင်ကန့်ကွက်နေတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။