close

မြင်းမူရဲစခန်း မိုင်းပစ်ခံရ၊ တန့်ဆည်တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်းကို ဒီဇင်ဘာ ၁၅ ရက် မနက် ၆ နာရီ ၄၂ မိနစ်က မိုင်းပစ်တိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက ပြောပါတယ်။

“ကျနော်တို့ ဒီနေ့မနက်ခင်း မြင်းမူမြို့ မြို့မရဲစခန်းဝင်းထဲကနေ လက်ဖက်ရည်ဆိုင်ကို လက်ဖက်ရည်သောက်ထွက်လာတဲ့ ရခ ၄ ကောင်ကို စောင့်ပြီး မိုင်း ၂ လုံး ပစ်ခွဲ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်ဗျ။ ရခ ၃ ကောင် နေရာတင်သေပြီး ကျန် ၁ ကောင်ကတော့ ပြင်းထန်ဒဏ်ရာ ရရှိသွားပါတယ်။ ကျနော်တို့ဘက်က‌တော့ ပစ်ချစနစ်ဆိုတော့ အထိအခိုက် မရှိခဲ့ဘူး။”

ရဲ ၃ ဦး သေဆုံးပြီး တဦး ဒဏ်ရာပြင်းထန် ရရှိသွားတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကို စစ်ကောင်စီဘက်ကနေ ထုတ်ပြန်ထားတာ မရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ခိုက်တာနဲ့ပတ်သက်လို့ Zero ပြောက်ကျားတပ်ဖွဲ့ မြင်းခြံကတော့ မရဏ စစ်ဆင်ရေး‌လို့ အမည်ပေး တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ True Fighter (တပ်ခွဲ-၃) တပ်ရင်း (၇) မြင်းခြံခရိုင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အင်အား ၂၀၀ လောက်ရှိ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

တန့်ဆည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တဦးက “ကျွန်းလှ၊ တန့်ဆည်၊ ကန့်ဘလူ မြို့နယ် ၃ မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီး လိုက်မီးရှို့နေတဲ့ မင်းအောင်လှိုင် ကျွန်တွေနဲ့ ကျနော်တို့နဲ့ အောင်စွာကျေးရွာအနီးမှာ ဒီနေ့တိုက်ပွဲဖြစ်တယ်ဗျ။ ကျနော်တို့ သူတို့ မထင်မှတ်ထားတဲ့ နေရာကနေ ရုတ်တရက် အလစ်ဝင်တိုက်ခဲ့တာဗျ။ ပထမက အောင်စွာရွာဘက် ကူးလာတာကို မီးပစ်တံတားနားကနေ မိုင်းစဆွဲတယ်။ စခတွေ အတော်လေး အထိနာတယ်။‌ အဲ့နောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အစုံပစ်ခတ်တယ်။ သူပစ်ကိုယ်ပစ်ပဲ။ ကျနော်တို့ကတော့ နယ်မြေကျွမ်းကျင်မှုကို အသုံးချ တိုက်ခိုက်နိုင်ခဲ့လို့ အထိအခိုက် မရှိခဲ့ဘူးဗျ။ စစ်(--)တွေဘက်က အသေစာရင်းကတော့ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲပဲဗျ” လို့ ပြောပါတယ်။

အခု ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က တန့်ဆည်မြို့နယ်၊ ပေချောင်ကျေးရွာက လူနေအိမ်အဆောက်အဦ ၉၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီဇင်ဘာ ၁၃ ရက်ကလည်း အိမ်ခြေ ၈၀ ခန့်ရှိတဲ့ တန့်ဆည်မြို့နယ်၊ ထန်းကုန်းကြီးကျေးရွာက နေအိမ် ၇၀ ကျော်ကို ထပ်မံမီးရှို့ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ကျေးရွာတွေကို လှည့်လည်မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ ၃၃ လက်အောက်ခံ ၃၆၁၊ ၃၆၉ တပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up