အမေရိကန်တွင် ပြင်းထန်သည့်ဆောင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၂ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စုတဝန်း ပြင်းထန်တဲ့ ဆောင်းတွင်းမုန်တိုင်းကြောင့် လူဝီစီယားနားပြည်နယ် နယူးအိုက်ဘေးရီးယားမြို့မှာ ဒီဇင်ဘာ ၁၄ ရက်က အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။
လူဝီစီယားနားပြည်နယ် မြို့တော် ဘာတန်ရူးရှ်ရဲ့ အနောက်တောင်ဘက် မိုင် ၇၀ လောက်အကွာမှာရှိတဲ့ နယူးအိုက်ဘေးရီးယားမြို့ငယ်လေးမှာ ဗုဒ္ဓဟူးနေ့က လေဆင်နှာမောင်း တိုက်ခတ်ပြီးနောက်မှာ အနည်းဆုံး လူတဦး ဒဏ်ရာရရှိခဲ့ပြီး ခရိုင်ခွဲတခုထဲမှာ လူအများအပြား ပိတ်မိနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
နေအိမ်အများအပြားနဲ့ ဆေးရုံတရုံ ပျက်စီးခဲ့ပြီး သေဆုံးရသူတွေဟာ မိခင်နဲ့ သားငယ် တဦး တို့ဖြစ်ကြောင်း နယူးအိုက်ဘေးရီးယားရဲတပ်ဖွဲ့က ဖေ့စ်ဘွတ်ခ်မှာ အတည်ပြုခဲ့ပါတယ်။
အဲဒီလေဆင်နှာမောင်းဟာ တက္ကဆက်၊ လူဝီစီယားနားနဲ့ မစ္စစ္စပီတို့မှာ ဒီဇင်ဘာ ၁၃ ရက် နှောင်းပိုင်းနဲ့ ၁၄ ရက်နေ့ အစောပိုင်းမှာ တိုက်ခတ်သွားတဲ့ လေပွေမုန်တိုင်း ၁၈ ခုထဲက တခုဖြစ်ပြီး အဆောက်အဦတွေပျက်စီးတာ၊ ဓာတ်အားလိုင်းတွေနဲ့ သစ်ပင်တွေ ပြိုလဲကျတာတွေ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။
လေဆင်နှာမောင်းတွေဟာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ အလယ်ဗဟိုကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
အထက်လွင်ပြင်နဲ့ အနောက်အလယ်ပိုင်းဒေသရဲ့ တချို့နေရာတွေမှာ နှင်းတွေတိုက်ခတ်မှုကြောင့် နစ်မြုပ်နေခဲ့ပြီး ကျောင်းတွေလည်း ပိတ်ထားရပြီး လမ်းတွေလည်း ဖြတ်သန်းသွားလာလို့ မရပါဘူး။
မြောက်ဘက်မှာ နှင်းမုန်တိုင်းလို အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ဗုဒ္ဓဟူးနေ့မှာတော့ တောင်ပိုင်းမှာ လေဆင်နှာမောင်း တိုက်ခတ်နိုင်တဲ့ အလားအလာနဲ့အတူ ရေလွှမ်းမိုးနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။
ကြာသပတေးနေ့အထိ အရှေ့အလယ်ပိုင်းဒေသတချို့ကို ရေခဲတွေနဲ့ ဆီးနှင်းတွေ ဖုံးလွှမ်းမယ်လို့လည်း ပြောထားပါတယ်။
ရေခဲတွေ စုပုံတာကြောင့် သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ ပြိုကျနိုင်ပြီး လမ်းတွေ ဖောက်လုပ်ရာမှာ အန္တရာယ်ဖြစ်စေနိုင်ကြောင်း NWS က ပြောကြားထားပြီး ကားသမားတွေကိုလည်း အိမ်မှာနေဖို့ တိုက်တွန်းထားပါတယ်။