ရုရှား မောင်းသူမဲ့လေယာဉ် ကိယက်ဗ်မြို့ကို တိုက်ခိုက်

ရုရှားမောင်းသူမဲ့လေယာဉ်တစီးကယူကရိန်းမြို့တော် ကိယက်ဗ်ကို ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက တိုက်ခိုက်ခဲ့ရာမှာ အဆောက်အအုံတခု ခေါင်မိုးပေါက်သွားခဲ့ပေမဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်တွေက ဆိုးဆိုးရွားရွား မပျက်စီးအောင် တားဆီးနိုင်ခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
ဒေသခံ ယာရိုဆလပ်ဗ် ဗစ်နိုကူရို့ဗ်က သူအလုပ်သွားဖို့ အသင့်ဖြစ်နေချိန်မှာ တောက်ပတဲ့ မီးရောင်ကို မြင်လိုက်တယ်လို့ ပြောပါတယ်။
“သူတို့က ငါတို့ကို မီးပျက်ပြီး လူတိုင်း ဒုက္ခရောက်စေချင်တယ်။ ဒါပေမဲ့ ဘယ်သူမှ ဒုက္ခရောက်မှာမဟုတ်ဘူး။ အရေးကြီးဆုံးကတော့ သူတို့ (ရုရှား) တွေ ဒီမှာ မရှိနေသေးဘူး” လို့ ဒေသခံက ပြောပါတယ်။
ရှာဟိဒ် မောင်းသူမဲ့လေယာဉ်တွေရဲ့ ပုံမှန် ဆူညံသံကြောင့် နိုးလာတယ်လို့ ဒေသခံ နာတာလီယာ မယ်လ်နစ်ခ်က ပြောပါတယ်။
“ရှစ်လလောက်ရှိပြီ၊ ဒီလောက်တောင့်ခံပြီးမှတော့ ကျမတို့ ဘယ်လိုစွန့်လွှတ်နိုင်မလဲ။ သူ ကျမတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ထင်တယ်” လို့ သူက ဆက်ပြောပါတယ်။
ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ရာမှာ မှောင်နေချိန် မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချရခက်ခဲပေမဲ့ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ထိရောက်တယ်လို့ ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရင်း အေးဟနပ်က ပြောပါတယ်။
ရုရှားဟာ အောက်တိုဘာလကတည်းက ယူကရိန်းရဲ့ စွမ်းအင်အခြေခံ အဆောက်အအုံအပေါ် ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ် အများအပြားနဲ့ တိုက်ခိုက်ခဲ့တာပါ။
ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုဟာ ကိယက်ဗ်ဒေသတွင်း စွမ်းအင်ထောက်ပံ့မှုအပေါ် အကျိုးသက်ရောက်မှုရှိမရှိ ချက်ချင်းမသိရသေးပါဘူး။