close

ခေတ်မီတိုက်လေယာဉ်များပေးရေး မတွန့်ဆုတ်သင့်ဟု ဂျာမနီနှင့် ပြင်သစ်ကို ယူကရိန်းသမ္မတပြော

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာဇလန်းစကီးက လက်ရှိ ရုရှားကျူးကျော်စစ်အတွင်း ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့မှာ “ကစားပွဲအလှည့်အပြောင်း” ဖြစ်လာနိုင်စေမယ့် အခွင့်အရေးရှိတယ်ဆိုပြီး ဖေဖော်ဝါရီ ၈ ရက်က ပြောလိုက်ပါတယ်။

ဒီ ၂ နိုင်ငံအနေနဲ့ လက်နက်ကြီးတွေအပြင် ခေတ်မီတိုက်လေယာဉ်တွေကို ယူကရိန်းဆီပို့ပေးဖို့ မတွန့်ဆုတ်နေသင့်ဘူးလို့လည်း သူက တိုက်တွန်းပြောဆိုခဲ့တာပါ။

ဇလန်းစကီးဟာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်နဲ့ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ် တို့နဲ့အတူ ပါရီမြို့မှာ ညစာစားရင်း တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင်ကလည်း ဇလန်းစကီးဟာ ဗြိတိန်နိုင်ငံကိုသွားရောက်ကာ အနောက်မဟာမိတ်နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် စစ်လေယာဉ်တွေ စေလွှတ်ပေးခြင်း အားဖြင့် မော်စကိုရဲ့ တိုက်ခိုက်မှုဒီရေကို ပြောင်းပြန်လှန်နိုင်မှာဖြစ်တယ်ဆိုပြီး တိုက်တွန်းလှုံ့ဆော်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ဥရောပခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အတွက် ဇလန်းစကီးက ဘယ်လ်ဂျီယံနိုင်ငံမြို့တော် ဘရပ်ဆဲလ်ကို သွားရောက်နေပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းအတွက် ရာနဲ့ချီတဲ့ တင့်ကားတွေနဲ့အတူ သံချပ်ကာကားတွေ၊ တာဝေးပစ်လက်နက်ကြီးတွေကို ဒီနှစ်ထဲမှာ စစ်ရေးဆိုင်ရာအကူအညီ တိုးမြှင့်ပေးဖို့ ကတိကဝတ်ပြုထားပေမဲ့ အနောက်နိုင်ငံထုတ် တိုက်ခိုက်ရေးလေယာဉ်တွေကိုတော့ ပေးအပ်ဖို့ ငြင်းဆန်နေဆဲပါ။

ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်ကလည်း ဥရောပနဲ့ အမေရိကန်ဟာ ရုရှားကျူးကျော်စစ်မှာ ယူကရိန်းအပေါ် လိုအပ်သမျှကာလပတ်လုံး ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း မှတ်ချက်ပြုထားပါတယ်။

Up