ဂျေရုဆလင်မြို့ ဗလီတွင် ဝတ်ပြုနေသူများအား အစ္စရေးရဲတပ်ဖွဲ့ တိုက်ခိုက်

အစ္စရေးရဲတပ်ဖွဲ့ဟာ ဂျေရုဆလင်မြို့ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း ဧပြီ ၅ ရက် မနက်အရုဏ်မတက်မီ ဝတ်ပြုသူ ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အစ္စရေးရဲတပ်ဖွဲ့ကတော့ ရုန်းရင်းဆန်ခတ်မှုအပေါ် တုံ့ပြန်တာလို့ ပြန်ပြောပါတယ်။ ဒဏ်ရာရသူရှိတယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က သတင်းပို့ခဲ့ပေမဲ့ လူဘယ်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာ အသေးစိတ် မဖော်ပြထားပါဘူး။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဗလီဝတ်ကျောင်းတော်ဆီ ဆရာဝန်တွေမရောက်အောင် တားဆီးထားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“ကျမ ကိုရမ်ကျမ်းရွတ်ရင်း ထိုင်ခုံမှာထိုင်ပြီး ဝတ်ပြုနေတုန်း ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့လို့ တခုက ကျမရင်ဘတ်ကို ထိမှန်ခဲ့တယ်” လို့ ဗလီအပြင်မှာထိုင်ရင်း အသက်ရှူဖို့ ကြိုးစားနေတဲ့ သက်ကြီး အမျိုးသမီးတယောက်က ပြောပါတယ်။
မီးရှူးမီးပန်းတွေ၊ တုတ်တွေ၊ ကျောက်တုံးတွေ ကိုင်ဆောင်ရင်း မျက်နှာဖုံးစွပ် လှုံ့ဆော်သူတွေက သူတို့ကိုယ်သူတို့ ဗလီအတွင်း သော့ခတ်ပြီးတဲ့နောက် ဗလီဝင်းထဲဝင်ဖို့ အင်အားသုံးခဲ့ရကြောင်း၊ ရဲအရာရှိတဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အစ္စရေးက သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင်တို့မှာ ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပြီး မွတ်စလင်တို့ရဲ့ ရမ်ဇာန်လမြတ်ကလည်း ဂျူးဘာသာဝင်တွေရဲ့ ပသခါပွဲ၊ ခရစ်ယာန် အီစတာတို့နဲ့ပါ တိုက်ဆိုင်နေတာပါ။ ဒါကြောင့် အခုလထဲမှာ တင်းမာမှုတွေ တိုးလာမှာကို စိုးရိမ်နေကြပါတယ်။
Temple Mount လို့ ဂျူးတွေသိကြတဲ့ အယ်လ်အက်ဆာ ဗလီဝင်းအတွင်း ပွတ်တိုက်မှုတွေကြောင့် မကြာသေးမီနှစ်တွေအတွင်း အကြမ်းဖက်မှုတွေ အစပျိုးလာခဲ့ပါတယ်။
ပါလက်စတိုင်းအုပ်စုတွေကလည်း ဝတ်ပြုကိုးကွယ်သူတွေအပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုကို ရာဇဝတ်မှုတခုအဖြစ် ရှုတ်ချခဲ့ပါတယ်။