close

ချဲလ်ဆီး ယာယီနည်းပြအဖြစ် တာဝန်ယူရန် လမ်းပတ် သဘောတူ

ဒီနှစ် ဘောလုံးရာသီကုန်အထိ ချဲလ်ဆီးအသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ယူဖို့ အသင်းဂန္ထဝင်ကစားသမားဟောင်း ဖရန့် လမ်းပတ်က သဘောတူလိုက်ပြီလို့ သည်တိုင်းမ် သတင်းစာက ဧပြီ ၅ ရက်မှာ ဖော်ပြပါတယ်။

အသင်းပိုင်ရှင်တွေဖြစ်ကြတဲ့ တော့တ်ဘိုလီနဲ့ ဘတ်ဒတ်အက်ဘာလီတို့ဟာ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့ ဂရေဟမ်ပေါ်တာနေရာမှာ အစားထိုးနိုင်မယ့် နည်းပြသစ်တဦးကို ဆက်လက်ရှာဖွေနေကြဆဲပါ။

ပရီးမီးယားလိဂ် အဆင့် ၁၁ မှာ ရပ်တည်နေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရလဒ်တွေ ဆက်တိုက်ဆိုးရွားလာတာကြောင့် ပေါ်တာကို နည်းပြရာထူးကနေ ဧပြီ ၂ ရက်မှာ ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြဖြစ်သူ ဘရူနိုဆဲလ်တိုက လီဗာပူးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ဧပြီ ၄ ရက် အိမ်ကွင်းပွဲစဉ်မှာ အသင်းမန်နေဂျာအဖြစ် ယာယီကိုင်တွယ်ခဲ့ပါတယ်။

ဇန်နဝါရီလ မတိုင်ခင်အထိ အဲဗာတန်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ လမ်းပတ်ဟာ ၂၀၁၉ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ချဲလ်ဆီးအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပေမဲ့ အောင်မြင်မှု မရရှိခဲ့ပါဘူး။

အသက် ၄၄ နှစ်အရွယ် လမ်းပတ်ဟာ သွင်းဂိုး ၂၁၁ ဂိုးနဲ့အတူ ချဲလ်ဆီးအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်ထားနိုင်ခဲ့ပေမဲ့ နည်းပြအဖြစ် တာဝန်ယူခဲ့ရာမှာတော့ ၈၄ ပွဲသာ ကိုင်တွယ်ခဲ့ရပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၃၀၀ နီးပါးအထိ အသုံးပြုခဲ့တဲ့ ချဲယ်ဆီးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာအတွက် ရုန်းကန်နေရပါတယ်။

အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာနဲ့ ၁၄ မှတ်အထိ ကွာဟနေသလို လက်ကျန်ပွဲစဉ်ကလည်း ၉ ပွဲသာ ကျန်ရှိတော့တာကြောင့် ချဲလ်ဆီးအသင်းအတွက် အခွင့်အရေး နည်းပါးနေပါတယ်။

ဒါပေမဲ့ ချဲလ်ဆီးအသင်းရဲ့ တတိယမြောက် ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်မယ့် မျှော်လင့်ချက်ကတော့ ရှင်သန်နေဆဲဖြစ်ပြီး ဒီလအတွင်း ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ကို ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ချဲလ်ဆီးအသင်းရဲ့ မန်နေရာဂျာထူးအတွက် ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂျူလီယန် နာဂယ်စမန်းနဲ့ ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်းနရစ် တို့က ရေပန်းစားနေပြီး သူတို့ကို ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။

စပိန်နိုင်ငံအသင်း နည်းပြဟောင်းလည်းဖြစ်တဲ့ လူးဝစ် အန်းနရစ်ဟာ ချဲလ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် လန်ဒန်မြို့ကို ရောက်ရှိနေတယ်ဆိုပြီး ဒေသတွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

Up