close

ဖင်လန်နိုင်ငံ နေတိုးအဖွဲ့ဝင်ရောက်မှု ပဋိပက္ခပိုတိုးလာစေနိုင်ဟု ရုရှားပြော

ဖင်လန်နိုင်ငံက နေတိုးစစ်မဟာမိတ်အဖွဲ့ဝင်အဖြစ် ဝင်ရောက်တာနဲ့ ဖင်လန်ရဲ့ ကိုယ်ပိုင်တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုကို တိုးမြှင့်ဖို့ နေတုိးရဲ့လုပ်ဆောင်ချက်ဟာ ပဋိပက္ခဖြစ်နိုင်ခြေကို တိုးမြှင့်ရာရောက်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီလ်ရွှိုင်ဂူက ဧပြီ ၄ ရက်မှာ ပြောလိုက်ပါတယ်။

ဒါပေမဲ့ ယူကရိန်းမှာ ရုရှားက သူ့ရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ရလဒ်ကို ထိခိုက်မှာ မဟုတ်ဘူးလို့ ရွှိုင်ဂူက ဆက်ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းဆီ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေ စေလွှတ်ရခြင်း အကြောင်းရင်းတွေထဲက တခုဟာ ရုရှားကိုခြိမ်းခြောက်ဖို့ ယူကရိန်းကို အသုံးချတဲ့ အနောက်တိုင်း အစီအစဉ်တွေကို တန်ပြန်ဖို့လို့လည်း ရုရှားအစိုးရက ပြောခဲ့ဖူးပါတယ်။

ရုရှားနဲ့ ဖင်လန်နိုင်ငံတို့ဟာ မိုင် ၈၀၀ ရှည်တဲ့ နယ်စပ်မျဉ်းကို မျှဝေထားပြီး ရုရှားရဲ့ အနောက်နဲ့ အနောက်မြောက်ဘက်မှာ တပ်စွဲထားတဲ့ စစ်ဌာနချုပ်တွေကို တိုးချဲ့သွားမယ်လို့ ရုရှားအစိုးရက ပြောထားပါတယ်။

ယူကရိန်းကို ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ လက်နက်နဲ့ ငွေကြေးအထောက်အပံ့တွေနဲ့ ကျောထောက်နောက်ခံပေးနေတဲ့ နေတိုးနဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ “ပေါင်းစပ်စစ်ပွဲ” ကို တိုက်ခိုက်နေတယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားဟာ သူ့ရဲ့ ရင်းနှီးတဲ့မဟာမိတ် ဘီလာရုစ်နိုင်ငံကနေ နျူးကလီးယားတိုက်ခိုက်မှု အလားအလာကို မြှင့်တင်ဖို့ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကို လှမ်းနေတယ်လို့ ရွှိုင်ဂူက ပြောပါတယ်။

ဘီလာရုစ် စစ်ဘက်ဂျက်တိုက်လေယာဉ်တချို့ဟာ အခုတော့ နျူးကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်စွမ်းရှိနေပြီဖြစ်ပြီး ရုရှားဟာ သမားရိုးကျ ဒါမှမဟုတ် နျူးကလီးယား ဒုံးကျည်တွေကို သယ်ဆောင်နိုင်တဲ့ အစ္စခန်ဒါဒုံးပျံစနစ်တွေကို ဘီလာရုစ်ဆီ ပေးပို့ထားတယ်လို့ ရွှိုင်ဂူက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဘီလာရုစ်ပိုင်နက်မှာ နည်းဗျူဟာမြောက် နျူးကလီးယားလက်နက်တွေ တပ်ဆင်ထားမယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

ရုရှားဟာ ဘီလာရုစ်ကို သူ့ကျူးကျော်မှုအတွက် ပစ်မှတ်အဖြစ် မနှစ်က အသုံးပြုခဲ့ပြီး ရုရှားအစိုးရရဲ့ ပဋိပက္ခအတွင်း ထပ်မံဆွဲငင်ခံရနိုင်လို့ ယူကရိန်းအစိုးရနဲ့ အနောက်နိုင်ငံ အစိုးရတွေက စိုးရိမ်မှုတွေ မြင့်မားနေဆဲ ဖြစ်ပါတယ်။

Up