close

ကနီမြို့နယ်အတွင်း စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ကနေ  ကနီမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခြေလျင်တပ်တွေ  ဖေဖော်ဝါရီ ၂၁ ရက် မနက် ၈ နာရီလောက်က  တောတွင်း တနေရာမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေထံက နေသိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ မင်ကင်းမြို့နယ် တောင်တွင်းချောင်းဒေသ ယာကြီး-မင်းကင်း-ကလေး လမ်းပိုင်းကနေ ဦးစွာစစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်‌တစ်ယောက်က “တပ်ကတော့ မင်းကင်းယာယီအထိုင်ချပြီး တပ်စွဲနေတဲ့ အမှတ် ၃၆၆ ခြေမြန်တပ်ရင်းကဗျ။ ဒီကောင်တွေ အင်အား ၁၀၀ လောက်ပါတယ်။ ကျနော်တို့က အလစ်ဝင်မိုင်းဆွဲခဲ့တာ။ သေတာတော့ ၁၅ ယောက် စစ်ကောင်စီက သေတယ်။ ကျနော်တို့ မိုင်းဆွဲပြီး လေးဘက်လေးတန်ကနေ ပြည်သူ့ ကာကွယ်ရေးအဖွဲ့စုံက ဝိုင်းပစ်ခတ်ကျတာ။ ပြေးတဲ့ကောင်ကပြေး၊ ဒဏ်ရာရလို့ ထမ်းပြေးတဲ့သူက ပြေး၊ လေးဘက်ထောက်ပြေးသူက ပြေးကြတာ။ ကျနော်တို့အဖွဲ့တွေက တောင်ကုန်းပေါ်က ဆိုတော့ ဒီကောင်တွေလှုပ်ရှားတာ အကုန်မြင်ရတယ်ဗျ” လို့ ပြောပါတယ်။

အဲဒီလိုအတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်က နောက်ပြန်ဆုတ်သွားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို ကနီပြည်သူ့ကာကွယ်ရေးတပ် (KPDF – 2)၊ ရွှေသမင်မုဆိုး - TDPDF၊ ရွှေတြိဂံတပ်ရင်း၊ Special Regional Attack Force – Monywa တပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up