ယူကရိန်းဟာ အိမ်နီးချင်းနိုင်ငံမဟုတ်၊ ရုရှား၏ အစိတ်အပိုင်းသာဖြစ်ဟု သမ္မတ ပူတင်ပြော

ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ဖို့ကြိုးစားနေတဲ့ ဒေသနှစ်ခုကို ရုရှားက တရားဝင်အသိအမှတ်ပြုကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က လက်မှတ်ထိုး ကြေညာခဲ့ပြီး၊ ရုရှားတနိုင်ငံလုံးကို ရုပ်သံကနေ ၁ နာရီကြာ မိန့်ခွန်းပြောခဲ့ပါတယ်။
“ရုရှားနိုင်ငံသား မိတ်ဆွေများခင်ဗျား၊ ယူကရိန်းဟာ ဘာကြောင့် ကျနော်တို့ ရုရှားတွေအတွက် အလွန်အရေးပါတယ်ဆိုတာ ပြောလိုပါတယ်။ ယူကရိန်းဆိုတာ အိမ်နီးချင်းနိုင်ငံမဟုတ်ဘူး၊ ရုရှားရဲ့ အစိတ်အပိုင်းတခု၊ ကျနော်တို့ရဲ့သမိုင်း၊ ယဉ်ကျေးမှုနဲ့ စိတ်ဝိညာဉ်ဆက်စပ်နေတာပါ”
“အခု ယူကရိန်းဆိုတာဟာ ရုရှားက ဖန်တီးပေးခဲ့တာပါ၊ အတိအကျပြောရရင် ၁၉၁၇ ဘော်ရှီဗစ် တော်လှန်ရေးနဲ့ စတင်ခဲ့တာပါ။ လီနင်ရဲ့ နိုင်ငံတည်ဆောက်ရေး မူဝါဒတွေဟာ မှားရုံတင်မကဘူး၊ မှားတာထက်ကို ပိုဆိုးခဲ့တယ်။ ယူကရိန်းဟာ စစ်မှန်တဲ့နိုင်ငံတနိုင်ငံအနေနဲ့ ဘယ်တုန်းကမှ အစဉ်အလာ မရှိဘူး။ ဆိုဗီယက်လွန် ယူကရိန်းဟာ မော်စကိုဆီက အရာရာလိုချင်ခဲ့ပေမဲ့ ဘာတခုမှ ပြန်ပေးချင်စိတ် မရှိဘူး” လို့ ပူတင်က ပြောပါတယ်။
“ယူကရိန်းက ခွဲထွက်လိုတဲ့ ဒွန်းစဘာ့စ်ဒေသအခြေအနေဟာ အလွန်အရေးကြီးနေပါတယ်။ အဲဒီမှာ ကျနော်တို့ ရုရှားလူမျိုးတွေရှိနေတယ်၊ ရုရှားနဲ့တသားတည်း ပြန်နေလိုကြတယ်။ အခုပြောနေတာ ခင်ဗျားတို့ သတိထားမိဖို့ ပြောနေတာမဟုတ်ဘူး၊ နောက်ထပ်ခြေလှမ်းတွေ ဆက်လှမ်းဖို့ ဆုံးဖြတ်ပြီးပြီဆိုတာ ကျနော်တို့ နိုင်ငံသားတွေကို အသိပေးနေတာပါ” လို့ ပူတင်က မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။