ပါကစ္စတန်ဗလီဗုံးခွဲမှုတွင် သေဆုံးသွားသူများ၏ ဈာပန ကျင်းပ

ပြီးခဲ့တဲ့သောကြာနေ့ ပါကစ္စတန်အနောက်မြောက်ဘက် ပရှာဝါမြို့ ဗလီဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ ရသူတွေရဲ့ ဈာပနကို လူထောင်ချီတက်ရောက်ပြီး ဝတ်ပြုဆုတောင်းပေးခဲ့ပါတယ်။
ရှီအိုက်မွတ်ဆလင်ဗလီအတွင်းကို သေနတ်နဲ့ ဝင်ပစ်ခတ်ပြီး အသေခံဗုံးခွဲမှုကြောင့် ၅၆ ဦး သေဆုံးပြီး ၁၉၄ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တာပါ။
မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ်က အတန်ကြာအောင် ပစ်ခတ်ပြီးနောက် သူ့ကိုသူ အသေခံဗုံးခွဲသွားတာပါ။
ပရှဝါမြို့ ဗလီဟာ ပုံမှန်အားဖြင့် သောကြာနေ့တိုင်း ဆုတောင်းဝတ်ပြုသူ အများဆုံး ရှိနေပါတယ်။
ပါကစ္စတန်မှာ ရှီအိုက်မွတ်ဆလင်လူနည်းစုတွေအပေါ် ဆွန်နီမွတ်ဆလင် စစ်သွေးကြွတွေက မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ယခုတိုက်ခိုက်မှု နောက်ကွယ်မှာ ပါကစ္စတန်တာလီဘန် (Tehreek-e-Taliban) အဖွဲ့ အဓိကပါဝင်နေတယ်လို့ ရဲက ပြောပါတယ်။