ဆီးရီးယားသမ္မတအာဆဒ် ယူအေအီးနိုင်ငံကို ခရီးထွက်မှု အမေရိကန်စိုးရိမ်

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆဒ်ဟာ အာရပ်စော်ဘွားများနိုင်ငံ (UAE) ကို မတ် ၁၈ ရက်နေ့က အလည်အပတ် သွားရောက်ခဲ့ပါတယ်။
ဆီးရီးယားပြည်တွင်းစစ် စတင်ခဲ့တဲ့ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ် အာရပ်နိုင်ငံတနိုင်ငံကို ခရီးထွက်ခဲ့တာပါ။
အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ UAE ဟာ အရင်က ဆီးရီးယားသူပုန်တွေကို ကျောထောက်နောက်ခံပေးခဲ့ပြီး အခု နှစ်နိုင်ငံဆက်ဆံရေး ပြန်နွေးထွေးဖို့ အာဆဒ်က ကြိုးပမ်းတဲ့ ခရီးစဉ်ပါ။
အာဆဒ်ကို လက်ခံတွေ့ဆုံတဲ့ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက်ဒ် ဘင် ဇာရက် အယ်လ် နာယန် က ဆီးရီးယားဟာ အာရပ်လုံခြုံရေးအတွက် အခြေခံထောက်တိုင်တခုဖြစ်နေပြီး ယူအေအီးက နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ ဆောင်ရွက်လိုတယ်လို့ ပြောပါတယ်။
အာဆဒ်က ပြည်တွင်းစစ်ကာလအတွင်း အီရန်နဲ့ ရုရှားကိုသာ ခရီးထွက်ခဲ့တာပါ။
အဆိုပါနှစ်နိုင်ငံက ဆီးရီးယားကို တောက်လျှောက် လက်နက်အကူအညီပေးထားပြီး ပင်လယ်ကွေ့ ဒေသရှိ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကို ဆန့်ကျင်ဖို့ အားပေးနေတာပါ။
သမ္မတသက်တမ်း နှစ် ၂၂ ရှိပြီဖြစ်တဲ့ အာဆဒ်ဟာ ရှိခ် မိုဟာမက်ဒ်နဲ့ တွေ့ဆုံချိန်မှာ ပြုံးရွှင်နေပြီး ဆီးရီးယားကို ဆက်အုပ်ချုပ်ဖို့ အားတက်နေတဲ့ပုံပါ။
အမေရိကန်အစိုးရကတော့ ယူအေအီး နိုင်ငံနဲ့ အာဆဒ် ရဲ့ တွေ့ဆုံမှုကို စိုးရိမ်ကြောင်း ဖော်ပြပါတယ်။