close

ငဖဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့

မကွေးတိုင်း ငဖဲမြို့နယ်မှာ ဧပြီ ၇ ရက်နေ့က ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ PRA (မကွေး) ကနေ သိရပါတယ်။

ငဖဲမြို့နယ် အနောက်ဘက် ၁၆ မိုင်လောက်အကွာမှာရှိတဲ့ ရေယာဉ်တောင်ကြောမှာ ဧပြီ ၇ ရက် မနက် ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေကို PRA (မကွေး) နဲ့ အရှိုချင်းကားကွယ်ရေးတပ် ACDF တို့ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြတယ်လို့ PRA (မကွေး) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသူ များပြားနိုင်ပေမယ့် သာလွန်အင်အား အများအပြားနဲ့ ကာပစ် ပစ်ပြီး ပြန်လည်ဆုတ်ခွာသွားတာကြောင့် သေဆုံးသူအရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

"ကျနော်တို့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘဲ စစ်ကောင်စီတပ်တွေ ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားထားနိုင်တယ်။" PRA (မကွေး) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို ငဖဲမြို့နယ် ခါကျင်ရွာနဲ့ ရှစ်ခုရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၂ ရွာမှာတော့ အိမ်ခြေ ၅၀ လောက်ရှိပြီး ရွာအမည်မပေါက်သေးပါဘူး။ နှစ်ဖက်တိုက်ပွဲတွေကြောင့် တိုက်ပွဲဧရိယာအတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ငဖဲမြို့နယ် ရေယာဉ်တောင်ကြောကို ဧပြီ ၆ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သား အင်အား ၆၀၀ လောက် စစ်ကြောင်းထိုးလာလို့ PRA (မကွေး) နဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်းပြီး လက်ဦးမှုရယူ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

PRA (မကွေး) ခြေကုပ်ယူထားတဲ့ နေရာကို ဒီကနေ့ ဧပြီ ၈ ရက်နေ့မှာ စစ်ကောင်စီဘက်က ရဟတ်ယာဉ် ၂ စီး၊ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အပြင် မြေပြင် အမြောက်တပ်ကလည်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up