ချီလီနိုင်ငံတွင် ကုန်ကားမောင်းသမားများ ဆန္ဒပြ

ချီလီနိုင်ငံမှာ ကုန်ကားမောင်းသူတွေဟာ အဝေးပြေးလမ်းပေါ် ရာဇဝတ်မှုတွေ များလာတာနဲ့ လမ်းတွေပျက်စီးနေတာကို မကျေနပ်လို့ ဧပြီ ၂၆ ရက်က ဆန္ဒပြကြပါတယ်။
စန်တီယေဂိုမြို့ ဆင်ခြေဖုံးမှာ မနက်အစောပိုင်း လမ်းကို ကုန်ကားတွေနဲ့ ပိတ်ဆို့၊ ကားဟွန်တွေတီးပြီး ဆန္ဒပြကြတာပါ။
အဝေးပြေးလမ်း လုံခြုံရေးနဲ့ ကားလမ်းပျက်နေတာကို အာဏာပိုင်တွေဘက်က တာဝန်မယူဘူးဆိုရင် ဒီထက်ကျယ်ပြန့်တဲ့ ပိတ်ဆို့သပိတ်တွေကို ပြုလုပ်သွားမယ်လို့ ကုန်ကားသမားတွေက ဆိုပါတယ်။
လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး၊ ကားဆီဈေးနှုန်း ကျဆင်းရေးနဲ့ ဂိတ်ကြေး လျှော့ပေါ့ပေးရေးတို့ကိုလည်း တောင်းဆိုကြပါတယ်။
ကားပိုင်ရှင် ဖက်ဗီယံ မိုရာဂါက “ကားထွက်တဲ့အခါ လမ်းပေါ်မှာ ဘယ်အချိန် အသတ်ခံရမလဲ၊ အိမ်မှ ပြန်ရောက်နိုင်မလား၊ စိတ်ပူနေရတယ်။ အရင်တပတ်ကပဲ ကားသမားတယောက် အသတ်ခံလိုက်ရသေးတယ်။ ကျနော်တို့ ဒါတွေကို စိုးရိမ်တာပါ” လို့ ပြောပါတယ်။
လမ်းစည်းကမ်းချိုးဖောက်မှု၊ ပြည်သူလူထု မငြိမ်မသက်ဖြစ်အောင် ပြုလုပ်မှုနဲ့ ဆန္ဒပြသမား ၉ ယောက်ကို ထိန်းသိမ်းထားတယ်လို့ ချီလီအာဏာပိုင်တွေက ပြောပါတယ်။