close

ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် G20 အစည်းအဝေးတက်ရန် ဘာလီကျွန်းသို့ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ G20 အစည်းအဝေးတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ဇူလိုင် ၇ ရက်မှာ ဆိုက်ရောက်သွားပါတယ်။

အစည်းအဝေးမှာ ရုရှား-ယူကရိန်း စစ်ပွဲကိစ္စ၊ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကိစ္စတွေ လွှမ်းမိုးဖွယ် ရှိပါတယ်။

နှစ်ရက်ကြာတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လာ့ဗ်ရော့ဗ်လည်း တက်ရောက်ဖို့ ရှိပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေတဲ့ အမေရိကန်နဲ့ ရုရှား ထိပ်တန်းသံတမန်နှစ်ယောက် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ကြမယ့် အစည်းအဝေး ဖြစ်ပါတယ်။

G20 အစည်းအဝေး ကျင်းပနေချိန်အတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ G20 နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးသန့် ဘေးတိုက်အစည်းအဝေးတွေမှာ တွေ့ဆုံဖို့ရှိတယ်လို့ ရုရှားမီဒီယာ TASS သတင်းမှာ ဖော်ပြပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးတို့ကတော့ ဒီလို ဘေးတိုက်အစည်းအဝေးတွေ တွေ့ဆုံဖို့မရှိဘူးလို့ ပြောပါတယ်။

G20 အဖွဲ့ထဲမှာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ ရုရှားအပေါ် ဝေဖန်နေတဲ့ နိုင်ငံတွေ၊ စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲနေတဲ့ နိုင်ငံတွေ ပါဝင်သလိုပဲ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ တောင်အာဖရိကတို့လို ယူကရိန်းစစ်ပွဲကိစ္စမှာ ရုရှားကို မဝေဖန်ဘဲ နှုတ်ဆိတ်နေတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။

//
Up