ထိုင်းတွင် ယာဉ်စည်းကမ်းဖောက်ဖျက်မှုအတွက် ပြင်းထန်သောပြစ်ဒဏ်များ သတ်မှတ်

ထိုင်းနိုင်ငံမှာ ယာဉ်စည်းကမ်းဖောက်ဖျက်မှုနဲ့ ယာဉ်မတော်တဆ ထိခိုက်မှုတွေ ပိုများလာတဲ့အတွက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေကို ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
အဆိုပါပြစ်ဒဏ်တွေဟာ ဒီ စက်တင်ဘာ ၅ ရက်နေ့မှာ စတင်သက်ဝင်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတာ၊ မူးပြီးမောင်းတာ၊ မတော်တဆထိခိုက်မှု ဖြစ်ပွားစေတာ၊ အပြိုင်အဆိုင် မောင်းနှင်တာ၊ ယာဉ်စည်းကမ်း ဆင့်ကဲဖောက်ဖျက်တာ စတာတွေအတွက် အရေးယူ အပြစ်ပေးခံရမယ့် ပြစ်ဒဏ်တွေ ပါဝင်ပါတယ်။
ပြင်ဆင်သတ်မှတ်လိုက်တဲ့ ပြစ်ဒဏ်ဥပဒေမှာ အပိုင်း ၃ ပိုင်း ပါဝင်ပြီး အပိုင်း ၁ မှာ အရက်သေစာ သောက်စားမူးယစ်ပြီး ယာဉ်မောင်းပါက ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၅,၀၀၀ မှ ၂၀,၀၀၀ ထက်မပိုတဲ့ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ကျခံရပါမယ်။
ပထမတကြိမ် ပြစ်ဒဏ်ထိပြီး ၂ နှစ်မပြည့်ခင်မှာဘဲ အဲဒီလို ထပ်မံကျူးလွန်က ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ထက်မပိုတဲ့ငွေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ကျခံရပါမယ်။
အပိုင်း ၂ မှာ သတ်မှတ်နှုန်းထက် ပိုပြီးမောင်းနှင်က ဒဏ်ငွေ ဘတ် ၄,၀၀၀၊ မီးနီဖြတ်မောင်းက ဘတ် ၄,၀၀၀၊ လူကူးမျဉ်းကြားမှာ ရပ်မပေးက ဘတ် ၄,၀၀၀၊ လမ်းပြောင်းပြန်မောင်းနှင်က ဘတ် ၂,၀၀၀၊ တားမြစ်နေရာမှာ ယာဉ်ရပ်နားက ဘတ် ၂,၀၀၀၊ ဆိုင်ကယ်ဦးထုပ်မဆောင်းက ဘတ် ၂,၀၀၀၊ ခါးပတ်မပတ်က ဘတ် ၂,၀၀၀ ဒဏ်ငွေပေးဆောင်ရမယ်လို့ ဆိုပါတယ်။
အထက်ပါ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့အပြင် တပါးသူ ထိခိုက်နစ်နာစေတဲ့အထိ ယာဉ်တိုက်မှု ဖြစ်ပွါးပါက ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် အနည်းဆုံး ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အပိုင်း ၃ မှာ ဆိုင်ကယ်၊ ကား အပြိုင်အဆိုင် မောင်းနှင်တာနဲ့ ပတ်သက်ပါတယ်။ မည်သူမဆို အများပြည်သူပိုင် လမ်းမပေါ်မှာ ယာဉ် ၅ စီးနဲ့အထက် အပြိုင်မောင်းဖို့ ကြိုးစားတာ၊ အချိန်းအချက်ပြုတာ၊ ဥပဒေမဲ့ ဆိုင်ကယ်နဲ့ ကားတွေကို ပုံစံပြင်ဆင်ပြောင်းလဲတာ စတာတွေရှိခဲ့ရင် ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် အနည်းဆုံး ဘတ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ သို့မဟုတ် နှစ်ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။
အများပြည်သူသွားလမ်းမပေါ် ဆိုင်ကယ်၊ ကား အပြိုင်မောင်းဖို့ နှိုးဆော်တာ၊ ကြော်ငြာတာ၊ ဖိတ်ခေါ်တာ ပြစ်မှုထင်ရှားက ထောင်ဒဏ် ၆ လ သို့မဟုတ် ငွေဒဏ် ဘတ် ၁၀,၀၀၀ မှ ၂၀,၀၀၀ ထိ သို့မဟုတ် နှစ်ရပ်လုံး၊ ဆိုင်ကယ်၊ ကားများ ဥပဒေနဲ့မညီတဲ့ ဒီဇိုင်းနဲ့ အရောင်တွေ ပြုပြင်ပေးတဲ့ ဝပ်ရှော့ဆိုင်တွေလည်း ထောင်ဒဏ် ၃ လ သို့မဟုတ် ငွေဒဏ် ၅,၀၀၀ မှ ၁၀,၀၀၀ ထိ သို့မဟုတ် နှစ်ရပ်လုံး ကျခံရမှာဖြစ်ပါတယ်။
ခါးပတ်ပါတဲ့ကားမှာ လိုက်ပါစီးနင်းရင် (အိမ်စီးကားဖြစ်စေ/မှန်လုံကားဖြစ်စေ) ခါးပတ် ပတ်ထားရမှာဖြစ်ကြောင်း၊ ဟိုင်းလပ်ကားမှာ ယာဉ်မောင်းရော ဘေးကလိုက်စီးသူပါ ခါးပတ် ပတ်ရမှာဖြစ်ပြီး စည်းကမ်းဖောက်က ဒဏ်ငွေ ဘတ် ၂,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ယာဉ်စည်းကမ်းတင်းကျပ်မှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဝန်ကြီးများရုံး ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ရတ်ချဒါး ထနားဒီလိတ်ကလည်း ယာဉ်တိုက်မှုတွေ များလာတာဟာ ယာဉ်စည်းကမ်းကို နားမလည်တာ၊ နားလည်ပေမဲ့ မထေမဲ့မြင်ပြုတာတွေကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒဏ်ကြေးပေးဆောင်မှု ပျက်ကွက်တာ၊ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း မပေးဆောင်တာတွေလည်း ရှိကြောင်း၊ အရင်ကဆိုရင် ယာဉ်စည်းကမ်း ဖောက်ဖျက်မှု အရေးယူဖို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးထားကြောင်း၊ နောက်ဆိုရင် တရားရုံးကနေ တိုက်ရိုက်အပြစ်ပေးမယ့် ပြဋ္ဌာန်းချက် မူကြမ်းကို ဝန်ကြီးများအစည်းအဝေးမှာ သဘောတူချက် ရထားပြီလို့ စက်တင်ဘာ ၆ ရက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
မူကြမ်းအတည်ပြုချက် ရပြီးရင် နောက်နောင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ပါက ယာဉ်ထိန်းရဲက နေ့စဉ်ပြစ်မှုမှတ်တမ်း ရေးပေးပြီး ကျူးလွန်သူကိုယ်တိုင် တရားရုံးမှာ သွားရောက်ပေးချေရတော့မှာ ဖြစ်ပါတယ်။