ရုရှားနှင့် ယူကရိန်း စစ်သုံ့ပန်း လဲလှယ်

ရုရှားနဲ့ ယူကရိန်းတို့ဟာ နိုဝင်ဘာ ၂၄ ရက်က နှစ်ဖက်အပြန်အလှန် စစ်သုံ့ပန်း ၅၀ လဲလှယ်ခဲ့တယ်လို့ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်သုံ့ပန်းတွေ ကုစားရေးအတွက် ညှိနှိုင်းရေးဌာနချုပ်က ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ လွတ်မြောက်လာသူတွေကို ယူကရိန်းဘက်မှာ စောင့်ဆိုင်းကြိုဆိုနေကြပြီး ပျက်စီးနေတဲ့ လမ်းမကြီးတလျှောက် လျှောက်သွားကြတာကို ပြထားကာ ယူကရိန်းအတွက် ဂုဏ်ယူတယ်ဆိုပြီး စစ်သုံ့ပန်းတယောက်ရဲ့ ပြောသံကိုလည်း ကြားရပါတယ်။ ဒီဗွီဒီယို ရိုက်ကူးတဲ့ ရက်စွဲနဲ့နေရာကိုတော့ ရိုက်တာက သီးခြားအတည်ပြုမနိုင်သေးပါဘူး။
ယူကရိန်းဘက်ကလည်း ဖမ်းဆီးထားတဲ့ ရုရှားစစ်သား ၅၀ ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းဟာ ရေတပ်သား၊ ခြေလျင်တပ်သား၊ နယ်ခြားစောင့်တပ်တွေနဲ့ နယ်မြေကာကွယ်ရေး တပ်တွေက တပ်ဖွဲ့ဝင် ၄၈ ဦးနဲ့ အရာရှိ ၂ ဦးကို လက်ခံရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတရုံး အကြီးအကဲ အန်ဒရီ ယာမက်က တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။
“မာရီယူပိုလ်ကို ကာကွယ်သူ ၁၉ ဦးအပြင် ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေးစက်ရုံက စစ်သုံ့ပန်း ၁၅ ဦးနဲ့ Zmiiny ကျွန်းက ၇ ဦးတို့ကို ပြန်ခေါ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ယာမက်က ပြောပါတယ်။
ကိယက်ဗ်နဲ့ အကျဉ်းသားလဲလှယ်ရေး လုပ်ဆောင်နေပြီး တဖက်စီက အကျဉ်းသား ၅၀ ပါဝင်ကြောင်း ရုရှားထိန်းချုပ်မှုအောက်ရှိ ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ဒေသရဲ့ မော်စကို ကျောထောက်နောက်ခံပြု အကြီးအကဲ ဒန်းနစ်စ် ပူရှီလင်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းမှာ ဖေဖော်ဝါရီလက စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ အချိန်ကတည်းကနေ ခုချိန်ထိ ကိယက်ဗ်နဲ့ မော်စကိုတို့ဟာ စစ်သုံ့ပန်း ၁,၀၀၀ ကျော် လဲလှယ်ခဲ့ပြီး ဖြစ်ပါတယ်။