မလေးရှားတွင် မိုးသည်းထန်ပြီး ရေကြီး

မလေးရှားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းတလျှောက်ရှိ ပြည်နယ်နှစ်ခုဖြစ်တဲ့ ကီလန်တန်နဲ့ တယ်ရန်ဂါနူတို့ရဲ နေရာအတော်များများမှာ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေရာအနှံ့ ရေကြီးရေလျှံနေပါတယ်။
ကီလန်တန်ပြည်နယ်တနေရာမှာ ရွှံ့ရောင်ရေတွေ ဝိုင်းပတ်နေတဲ့ အိမ်တွေ၊ လမ်းတွေ၊ အဆောက်အဦတွေကို ရေလွှမ်းနေတဲ့မြင်ကွင်းကို ကောင်းကင်ဗီဒီယိုမှတ်တမ်းမှာ မြင် တွေ့ရပါတယ်။
ကီလန်တန်ပြည်နယ်က မိုးရေချိန်ဟာ ဒီဇင်ဘာ ၁၈ ရက်က ၆၂၇ မီလီမီတာရှိပြီး ၁၉၆၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကြောင်း ပြည်နယ် ရေနုတ်မြောင်းနဲ့ ဆည်မြောင်းဦးစီးဌာန (DID) တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေလွှမ်းမိုးမှုကြောင့် တယ်ရန်ဂါနူ၊ ကီလန်တန်၊ ပါဟန်း၊ ပီရက်ခ်နဲ့ ဂျိုဟိုးရ် ပြည်နယ်တွေမှာ လူပေါင်း ၆၆,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၀ ရက် ညနေပိုင်းအထိ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။