အယ်နာဆာအသင်းအတွက် ရော်နယ်ဒို ပွဲထွက်ကစား

ဆော်ဒီကလပ် အယ်နာဆာအသင်းအတွက် ကစားတဲ့ ပွဲဉီးထွက်မှာ ရော်နယ်ဒို ဂိုးမသွင်းနိုင်ပေမဲ့ အသင်းက အနိုင်ရသွားပါတယ်။
တနင်္ဂနွေက ယှဉ်ပြိုင်သွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းက ပြိုင်ဘက် အယ်လိတ်တက်ဖက်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။ အယ်နာဆာအတွက် အနိုင်ဂိုးကို ဘရာဇီးကွင်းလယ်ကစားသမား တယ်လစ်စကာက သွင်းယူပါတယ်။
ဒီပွဲမှာ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက အသင်းခေါင်းဆောင်အဖြစ် ပွဲစဉ်အစအဆုံး အင်တိုက်အားတိုက် ယှဉ်ပြိုင်သွားပါတယ်။
ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေးဇယားကို ဉီးဆောင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်က ပီအက်စ်ဂျီကို ၅ ဂိုး ၄ ဂိုးနဲ့ရှုံးတဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။
အယ်နာဆာအသင်းဟာ အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားမှာ ၃၃ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာကအသင်းကို တမှတ်ဖြတ်ထားနိုင်ပါတယ်။