သီရိလင်္ကာတွင် အခွန်တိုးမြှင့်မှုအပေါ် အလုပ်သမားထောင်ချီ ဆန္ဒပြ

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုများဆိုင်ရာ အလုပ်သမားသမဂ္ဂ ၄၀ နီးပါး ဦးဆောင်တဲ့ အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဖေဖော်ဝါရီ ၈ ရက်က မြို့တော်အနှံ့ စုရုံးရောက်ရှိလာပြီး ငွေကြေးဖောင်းပွမှု မြင့်မားနေတဲ့ကြားက လတ်တလော အခွန်တိုးမြင့်လာမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အနက်ရောင်အလံတွေနဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြတဲ့ ပြည်သူ့ဝန်ထမ်းတွေဟာ အစိုးရအဆောက်အဦတွေကနေ ထွက်လာပြီးတော့ ကြွေးကြော်သံတွေကို အော်ဟစ် ဆန္ဒပြကြပါတယ်။ ကိုလံဘိုရဲ့ ပင်မဆေးရုံအပြင်ဘက်မှာ အနက်ရောင်အလံတွေကို ချိတ်ဆွဲထားပါတယ်။
သီရိလင်္ကာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရန်ပုံငွေတွေ ရရှိဖို့အတွက် အစိုးရဝင်ငွေတိုးအောင် အခွန်တွေတိုးဖို့လည်း လိုအပ်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်က ဂျီဒီပီ ၈ ဒသမ ၃ ရာခိုင်နှုန်းကနေ အခုနှစ်မှာ ၁၁ ဒသမ ၃ ရာခိုင်နှုန်းတိုးဖို့ လိုအပ်နေတာပါ။
သီရိလင်္ကာအစိုးရဟာ ပညာရှင်တွေအတွက် ဝင်ငွေခွန်အသစ်ကို ဇန်နဝါရီလမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၃၆ ရာခိုင်နှုန်းကျော်အထိ အစပျိုးခဲ့ပါတယ်။
သမ္မတ ရာနေးလ် ဝစ်ကရာမန်ဆင်းဂ်က သူဟာ IMF နဲ့ သဘောတူညီချက်ကို အပြီးသတ်ဖို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေတာကြောင့် အခက်အခဲတွေကနေ လွတ်မြောက်မယ့်လမ်းစကို သူတွေ့နေရကြောင်း လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောကြားတဲ့ သူ့မိန့်ခွန်းဟာ လခစား အလုပ်သမားတွေရဲ့ နေ့လယ်စာစားချိန် ဆန္ဒပြမှုကို ရပ်တန့်နိုင်ဖို့ သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။