အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိယက်ဗ်မြို့တော်ကိုသွားရောက်စဉ် ယူကရိန်းအတွက် ဒေါ်လာ သန်း ၅၀၀ စစ်ရေးကူညီမည်ဟု ကတိပြု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကြိုမကြေညာဘဲ ယူကရိန်းမြို့တော် ကိယက်ဗ်မြို့ကို ဖေဖော်ဝါရီ ၂၀ ရက်က သွားရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲ ကြာရင် ကြာသလောက် အတူရပ်တည်မယ်လို့ ကတိပြုရင်း ရောက်လာပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်မှု တနှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်မီ ဘိုင်ဒင်ဟာ ကိယက်ဗ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အတွင်း ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၅၀၀ တန် စစ်ရေးအကူအညီအသစ်ကို ကတိပြုခဲ့ကာ ရုရှားအထက်တန်းလွှာတွေနဲ့ ကုမ္ပဏီတွေကို အခုသီတင်းပတ်အတွင်း ပိတ်ဆို့အရေးယူတာတွေ ထပ်ကြေညာမယ်လို့ ပြောခဲ့ပါတယ်။
လေတပ်နေကာမျက်မှန်တပ်ထားတဲ့ အမေရိကန်သမ္မတနဲ့ စစ်ဝတ်စုံ အစိမ်းရောင် ဝတ်ထားတဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ဟာ လေကြောင်းကနေ ဝင်ရောက်စီးနင်းကြောင်း အချက်ပေးဥသြသံတွေကြား တောက်ပတဲ့ ဆောင်းရာသီမနက်ခင်းမှာ ရွှေအမိုးခုံးနဲ့ ဆင်ယင်ထားတဲ့ ဘုရားရှိခိုးကျောင်းဆီ ဘေးချင်းယှဉ်လျက် လမ်းလျှောက်ခဲ့ကြပါတယ်။
ဘိုင်ဒင်ကိယက်ဗ်မြို့မှာ ရှိနေချိန် ကိယက်ဗ်မြို့ကို တိုက်ခိုက်မယ့် အန္တရာယ်ကို ရှောင်ဖို့ ဘိုင်ဒင် ထွက်မလာခင်တည်းက ရုရှားကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်နဲ့ ရုရှား တာဝန်ရှိသူတွေက ပြောပါတယ်။
အခုခရီးစဉ်ဟာ ဇန်နဝါရီ ၂၁ ရက်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် မိန့်ခွန်းမပြောမီ တရက်အလိုမှာ ကြိုထွက်လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။