လက်စတာအသင်း၏ သက်တမ်းတိုးကမ်းလှမ်းချက်ကို ကွင်းလယ်လူ တိုင်လေမန်စ် ပယ်ချ

လက်စတာ ကွင်းလယ်လူ တိုင်လေမန်စ်ဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမား တိုင်လေမန်စ်ဟာ လက်စတာနဲ့ ၁၈ လစာချုပ် သက်တမ်းသာကျန်ရှိတော့ပြီး ထိပ်တန်းအသင်းတွေက ခေါ်ယူလိုနေတာပါ။
အသက် ၂၄ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ် မိုနာကိုကနေ ပေါင်သန်း ၄၀ နဲ့ လက်စတာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
အသင်းနဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကွင်းလယ်လူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
အပြောင်းအရွှေ့သတင်းကျွမ်းကျင်သူ ဂျာနယ်လစ်ရိုမန်နိုရဲ့ ဖော်ပြချက်အရ တိုင်လေမန်းစ်ဟာ လက်စတာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
တိုင်လေမန်စ်ကိုခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းတွေက စိတ်ဝင်စားနေသလို လီဗာပူး၊ အာဆင်နယ်နဲ့ မန်ယူအသင်းတွေကလည်း ခေါ်ယူလိုနေပါတယ်။
လက်စတာဘက်ကတော့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း ၆၀ သတ် မှတ်ထားတယ်လို့ သိရပါတယ်။