ရုရှားနှင့် ယူကရိန်း အရာရှိများ ဘဲလာရုစ်နယ်စပ်တွင် ဆွေးနွေးပွဲစတင်

ရုရှားနဲ့ ယူကရိန်း အရာရှိတွေကြား ဆွေးနွေးပွဲတွေ ဘဲလာရုစ်နယ်စပ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ယူကရိန်းကို ကျူးကျော်အပြီး လေးရက်အတွင်း ရုရှားရဲ့ သံတမန်ရေးနဲ့ စီးပွားရေး အထီးကျန်မှု ပိုနက်ရှိုင်းလာနေပါတယ်။ ဒီကျူးကျော်စစ်ဟာ ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ နိုင်ငံတနိုင်ငံကို အကြီးဆုံးတိုက်ခိုက်မှုလို့ မီဒီယာတွေက ရေးပါတယ်။
ရုရှားစစ်တပ်ဟာ ယူကရိန်း အရှေ့တောင်ပိုင်းက မြို့ငယ် ၂ မြို့နဲ့ နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပတ်လည်က ဧရိယာတွေကို သိမ်းပိုက်ခဲ့ပေမယ့် နေရာတိုင်းမှာ တင်းတင်းမာမာ ခုခံတာ ရင်ဆိုင်ခဲ့ရတယ်လို့ ရုရှားအခြေစိုက် အင်တာဖက်စ်သတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ ထိုးစစ်က မျှော်လင့်ထားတာထက် အများကြီး ပိုနှေးလာအပြီးမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့နဲ့ ရုရှားတပ်တွေ ပြန်ဆုတ်ခွာဖို့ ရည်မှန်းပြီး ဆွေးနွေးပွဲတွေစခဲ့တယ်လို့ ယူကရိန်း သမ္မတရုံးက ပြောပါတယ်။
ညှိနှိုင်းပွဲတွေအပေါ် ရုရှားအစိုးရရဲ့ ရည်မှန်းချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရုရှားသမ္မတရုံးက ငြင်းဆိုခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်က နျူကလီးယားတပ်တွေကို တပ်လှန့်ထားဖို့ တနင်္ဂနွေနေ့မှာ အမိန့်ထုတ်အပြီးမှာ ဘယ်လို တိုးတက်မှုတွေ ရပြီးပြီလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အနောက်နိုင်ငံတွေရဲ့ ကျူးကျော်စစ်အပေါ် တုံ့ပြန်မှုက ကျယ်ပြန့်နေပါတယ်။ အနောက်စျေးကွက်ကနေ ရုရှားရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း အကြီးစားတွေကို ထိထိရောက် ရောက် ဒဏ်ခတ် ဖြတ်တောက်လိုက်လို့ ရုရှားငွေကြေး ရူဘယ်ရဲ့ တန်ဖိုးဟာ ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံအသီးသီးကလည်း ယူကရိန်းဆီကို လက်နက်တွေ ပိုတိုးထောက်ပံ့နေကြပါတယ်။