ကျဆုံးရုရှားစစ်သားများကို မိသားစု မြေမြှုပ်၊ စစ်သားအများအပြားကျဆုံးဟု ရုရှားဝန်ခံ

ယူကရိန်းမှာ ကျဆုံးခဲ့တဲ့ ရုရှားတပ်သားတချို့ရဲ့ အလောင်းတွေကို မိသားစုဝင်တွေက ဧပြီ ၁၈ မှာ မြေမြှုပ်ခဲ့ပြီး ရုရှားစစ်တပ်က သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားအစိုးရက ယူကရိန်းစစ်ပွဲမှာ တပ်သားအများအပြား ကျဆုံးခဲ့တယ်လို့ ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။
ရုရှားက အထူးစစ်ဆင်ရေးလို့ ခေါ်ဝေါ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ စစ်သားတွေ သိန်းနဲ့ချီပြီး ယူကရိန်းကို စေလွှတ်ခဲ့တာပါ။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က “အခုဆုံးရှုံးမှုက ကျနော်တို့အတွက် ကြီးမားတဲ့ ကြေကွဲ ဝမ်းနည်းစရာပါ” လို့ ပြောပါတယ်။
ကော့ကေးဆပ်တောင်တန်းတွေအနီး ရုရှားတောင်ဘက် ဗလာဒီကာဗက်ဇ်မြို့လေးမှာ စစ်သား နှစ်ယောက်ရဲ့ ဈာပနကို မိသားစု တက်ရောက်ခဲ့တာပါ။
ကျေးရွာသူကြီး အလက်ဇန်းဒါး ကူဆေးက “အခု ကျဆုံးသွားတဲ့ ရဲဘော်လေးက အိမ်ထောင်မရှိပေမဲ့ မိသားစုများတယ်၊ သူက အငယ်ဆုံး၊ နှမ လေးယောက်က သူ့ကို အားထားနေရတာ၊ အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာ အားလုံး ဒုက္ခရောက်ကုန်တာပါ၊ တာဝန်ရှိသူတွေ ရှက်သင့်ပါတယ်” လို့ ပြောပါတယ်။
အဲဒီသင်္ချိုင်းမှာ မကြာခင်က ယူကရိန်းမှာ ကျဆုံးခဲ့တဲ့ စစ်သား ၂၀ ကျော်ကို မြေမြှုပ်ထားပြီး ချထားတဲ့ ပန်းတွေ မညှိုးသေးတာ တွေ့မြင်ကြရပါတယ်။