close

လိဒ်ကစားသမား ရာဖင်ညာကိုခေါ်ယူရန် အာဆင်နယ်အသင်း ဒုတိယအကြိမ်ကမ်းလှမ်း

အာဆင်နယ်အသင်းဟာ လိဒ်ယူနိုက်တက်တောင်ပံတိုက်စစ်မှူး ရာဖင်ညာကိုခေါ်ယူဖို့ ဒုတိယအကြိမ် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

ပထမအကြိမ်တုန်းက ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းခဲ့ပြီး လိဒ်ယူနိုက်တက်ဘက်က ပယ်ချခဲ့တာပါ။ ဒုတိယအကြိမ်ကမ်းလှမ်းရာမှာ နောက်ထပ်ပေါင် ၁၀ သန်းတိုးပေးပြီး သန်း ၄၀ နဲ့ ထပ်ဆောင်း ဆုကြေးအရ ပေါင်သန်း ၅၀ နီးပါးအထိ ပေးချေဖို့ ကမ်းလှမ်းလိုက်တာလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ 

လိဒ်ယူနိုက်တက်အသင်းဟာ ဘရာဇီးလက်ရွေးစင် ရာဖင်ညာအတွက် ပေါင် ၆၅ သန်းခန့် အလိုရှိနေပြီး အာဆင်နယ်အသင်း ကမ်းလှမ်းတဲ့ ပမာဏက ထပ်ဆောင်းဆုကြေးအပါအဝင် ပေါင်သန်း ၅၀ နီးပါးသာရှိလို့ ကွာဟမှုတွေတော့ ရှိနေပါတယ်။ 

ဒါပေမယ့် လိဒ်ယူနိုက်တက်ဘက်က တစုံတရာ အကြောင်းမပြန်သေးတာကြောင့် အာဆင်နယ်အသင်းက အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

ရာဖင်ညာဟာ ဘရာဇီး လက်ရွေးစင်အတွက် ၉ ပွဲကစား ၃ ပွဲဂိုးသွင်းထားသလို  လိဒ်ယူနိုက်တက်နဲ့ ၂ ရာသီအတွင်းမှာ ၁၇ ဂိုး သွင်းယူပေးထားပါတယ်။ 

အာဆင်နယ်အသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဘရာဇီးသား ဂျေးဆူကို ခေါ်ယူဖို့လည်း သဘောတူညီမှုရထားပါတယ်။ 

//
Up