close

မြန်မာပြည်တွင် ရွေးကောက်ပွဲလုပ်ရမည့် အချိန်မဟုတ်သေးဟု အမေရိကန်ပြော

မြန်မာနိုင်ငံမှာ လတ်တလောကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ရွေးကောက်ပွဲလုပ်ရမယ့်အချိန် မဟုတ်သေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဗျူရို လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မယ်လီဆာဘရောင်းက  ပြောကြားလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးရာရောက်တယ်လို့လည်း  မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ မစ္စဘရောင်းက  အောက်တိုဘာလ ၁၄ ရက်က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာလို့  The Sun Daily  မလေးရှားသတင်းမှာ ဖော်ပြပါတယ်။ 

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တနိုင်ငံလုံးမှာ မဲအရေအတွက်  ၉၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့ပေမဲ့ စစ်တပ်က  မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင်  အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချကာ တရားမဝင် အာဏာသိမ်းယူခဲ့တာပါ။

စစ်အာဏာသိမ်းတာကို လက်မခံနိုင်တဲ့ နိုင်ငံတဝန်း လူထုအုံကြွမှု ဆန္ဒပြပွဲတွေကိုလည်း  စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖြိုခွင်းခဲ့ပါတယ်။

ဒါကြောင့် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုတွေလည်းရှိလာခဲ့သလို တိုင်ရင်းသား ဒေသတွေမှာလည်း တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပေမယ့် ၂၀၂၃ ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ကျင်းပမယ်လို့ ပြောဆိုထားတာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာလွတ်လပ်ပြီး တရားမျှတမယ်လို့ မထင်ကြောင်း၊ ဒီအတုအယောင် ရွေးကောက်ပွဲကို အမေရိကန်အနေနဲ့ မထောက်ခံကြောင်း၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အတော်လေးစိုးရိမ်မိပြီး ဒါဟာ အမေရိကန်က မျှော်လင့်တဲ့ ဖြေရှင်းနည်းမျိုးလည်း မဟုတ်ဘူးလို့ မစ္စဘရောင်းက ပြောကြားခဲ့ပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်မှာဖြစ်သလို PR စနစ်နဲ့ ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက်ကကျင်းပတဲ့ အန်စီအေ လက်မှတ်ရေးထိုးမှု ၇ နှစ်ပြည့်အခမ်းအနား မိန့်ခွန်းမှာပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လာမယ့် ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ ကြေညာထားသလို စစ်ကောင်စီကျင်းပမယ့်  ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်သွားမယ်လို့   NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။  

Ref- The Sun 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up