ဂျာမနီအသင်း ပေါ်တူဂီကို ၄ ဂိုး ၂ ဂိုးဖြင့်အနိုင်ရ၊ စပိန်နှင့် ပြင်သစ်တို့ သရေပွဲကြုံ

ဇွန်လ ၁၉ ရက်ညက ကန်သွားတဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ ဂျာမနီက ပေါ်တူဂီအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု (F) က ပေါ်တူဂီနဲ့ ဂျာမနီ အသင်းတွေ ယှဉ်ပြိုင်ကစားကြရာမှာတော့ ပထမပိုင်း ၁၅ မိနစ်မှာပဲ တိုက်စစ်မှူး စီရော်နယ်ဒိုက ပေါ်တူဂီအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ပွဲချိန် ၃၅ မိနစ်နဲ့ ၃၉ မိနစ်တွေမှာ ပေါ်တူဂီ နောက်တန်းကစားသမားတွေ ကိုယ့်ဂိုးကိုယ်သွင်းမိတာကြောင့် ပထမပိုင်းမှာတင် ပေါ်တူဂီက ၂ ဂိုး တစ် ဂိုးနဲ့ ရှုံးနိမ့်နေပါတယ်။
ဒုတိယပိုင်း ပွဲချိန် ၅၁ မိနစ်မှာ ကိုင်ဟာဗက်ဇ်က ဂျာမန်အသင်းအတွက် အနိုင်ဂိုး ၁ ဂိုး ထပ်သွင်းခဲ့ပြီး မိနစ် ၆၀ မှာ ဂိုဆက်စ်က နောက်ထပ်တစ်ဂိုး ထပ်သွင်းခဲ့လို့ ဂျာမန်တို့ ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်လိုက်ပါတယ်။ မိနစ် ၆၀ မှာ ပေါ်တူဂီအတွက် ချေပဂိုးကို ဟိုတာက သွင်းယူပေးခဲ့ပြီး နောက်ထပ် ဂိုးတွေထပ်မသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ ဂျာမနီက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဒီပွဲမှာ ဂျာမနီက ပေါ်တူဂီထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေရော ပိုရခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ရဲ့ အကောင်းဆုံးဘောလုံးသမားဆုကိုတော့ ဂျာမန်နောက်ခံလူ ဂိုဆန်က ရရှိသွားပါတယ်။
အုပ်စု (F) ပွဲစဉ်တစ်ခုဖြစ်တဲ့ ဟန်ဂေရီနဲ့ ပြင်သစ်တို့ပွဲစဉ်မှာတော့ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပြီး ဒီအုပ်စုမှာ ပြင်သစ်က ရမှတ် ၄ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေကာ ဂျာမနီက အုပ်စု ဒုတိယ၊ ပေါ်တူဂီက အုပ်စု တတိယနဲ့ ဟန်ဂေရီက အုပ်စု နောက်အောက်ဆုံးမှာ အသီးသီးရပ်တည်နေပါတယ်။
အုပ်စု (E) က စပိန်နဲ့ ပိုလန်တို့ ပွဲစဉ်မှာလည်း တဖက် ၁ ဂိုးစီသရေကျသွားတဲ့အတွက် စပိန်အသင်းဟာ ၂ ပွဲကစား ၂ ပွဲသရေ ရမှတ် ၂ မှတ်နဲ့ပဲ အုပ်စု တတိယနေရာမှာ ရှိနေပါတယ်။
ဇွန်လ ၂၀ ရက်မှာတော့ အုပ်စု (A) က အီတလီနဲ့ ဝေးလ်၊ ဆွစ်ဇာလန်နဲ့ တူရကီ အသင်းတွေ ယှဉ်ပြိုင်ကစားကြဖို့ရှိပါတယ်။
Photo Credit- Euro2020