ဆော်ဒီနှင့် တောင်ကိုရီးယား ဒေါ်လာ ၃၀ ဘီလီယံရှိ ရင်းနှီးမြှုပ်နှံမှု လက်မှတ်ရေးထိုး

ရေနံသူဌေး ဆော်ဒီအာရေဗျနိုင်ငံဟာ နည်းပညာထိပ်တန်းရောက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကုမ္ပဏီတွေနဲ့ ဒေါ်လာဘီလီယံ ၃၀ တန် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပြီး ၂ နိုင်ငံခေါင်းဆောင်တွေဟာ စွမ်းအင်ကဏ္ဍ၊ ကာကွယ်ရေး စက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ခိုင်မာတဲ့ဆက်ဆံရေးကို နိုဝင်ဘာ ၁၇ ရက်က ကတိပြုခဲ့ကြပါတယ်။
ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က “ဆော်ဒီအာရေဗျနဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးက ပြီးခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း တိုးတက်မှု ကြီးကြီးမားမား ရှိခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ အရာမှန်သမျှနဲ့ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ အရာမှန်သမျှကို ရင်ဆိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထပ်လောင်းအတည်ပြုဖို့ ကြိုးစားနေပါတယ်”လို့ ဆိုးလ်မှာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
ဆော်ဒီအိမ်ရှေ့စံမင်းသားဟာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပတဲ့ G20 ရဲ့ အဓိက စီးပွားရေးညီလာခံကို ပါဝင်တက်ရောက်ခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ ဆိုးလ်ကို ရောက်ရှိလာတာပါ။
သမ္မတ ယွန်းဟာ ဆော်ဒီအာရေဗျနိုင်ငံရှိ NEOM စမတ်မြို့တော် ပရောဂျက်နဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းနဲ့ ဟိုက်ဒရိုဂျင်လို အနာဂတ်စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စတဲ့ စီမံကိန်းတွေမှာ တောင်ကိုရီးယား ကုမ္ပဏီတွေရဲ့ ပူးပေါင်းပါဝင်မှုကို မြင်တွေ့ရမယ်လို့ မျှော်လင့်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မင်းသား မိုဟာမက်က ဒီနှစ်တွေတလျှောက် ဆော်ဒီအာရေဗျနိုင်ငံရဲ့ အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ရေးမှာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေရဲ့ အခန်းကဏ္ဍကို မှတ်သားထားပြီး နှစ် နိုင်ငံကြား တည်ဆောက်ထားတဲ့ ယုံကြည်မှုအပေါ် အခြေခံကာ တောင်ကိုရီးယားနဲ့ ပိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြင်လိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။