close

ဂျပန်၊ စပိန်နှင့် ဘယ်လ်ဂျီယံတို့အနိုင်ရ၊ နာမည်ကြီး ဂျာမနီအသင်းရှုံးပွဲတွေ့   

၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နိုဝင်ဘာ ၂၃ ရက်ညပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြရာမှာ ဂျပန်၊  စပိန်နဲ့ ဘယ်လ်ဂျီယံအသင်းတွေအနိုင်ရ၊  မော်ရိုကိုနဲ့ ခရိုအေးရှားတို့ သရေကျကာ နာမည်ကြီး  ဂျာမနီအသင်းကတော့ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရပါတယ်။ 

မနေ့ညနေ အစောပိုင်း အုပ်စု ( E ) ပွဲစဉ်မှာတော့ ဂျာမနီအသင်းနဲ့ အာရှကိုယ်စားပြု ဂျပန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ဂျပန်က  ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဒီပွဲမှာ ဂျာမနီက ဂျပန်ထက် ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေမှာပါ အများကြီး အသာရခဲ့ပေမဲ့ ရတဲ့အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်ဘဲ ပွဲဦးထွက်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ပွဲချိန် ပထမပိုင်းမှာ ဂျပန်က အဖွင့်ဂိုးသွင်းခွင့်ရခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံရလို့ ဂိုးမရရှိခဲ့ပဲ ဂျာမန်အသင်းရဲ့ မန်စီးတီးကစားသမား ဂန်ဒိုဂန်က ပင်နယ်တီကနေတဆင့် ဂိုးရပြီး   (၁-၀) နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျပန်အတွက်အနိုင်ဂိုးတွေကို     ပွဲချိန် ၇၅ မိနစ်မှာ ဒိုအန် ၊ ပွဲချိန် ၈၃ မိနစ်မှာ အဆာနိုတို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။  

အုပ်စု ( E ) တခြားပွဲစဉ်ဖြစ်တဲ့ စပိန်နဲ့ ကော်စတာရီကာတို့ပွဲစဉ်မှာတော့ စပိန်က  (၇-၀) ဂိုးနဲ့ ဂိုးပြတ်သွင်းပြီး အောင်ပွဲခံခဲ့ပါတယ်။ 

စပိန်အတွက်အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၁၁ မိနစ်မှာ အော်မို၊ ပွဲချိန် ၂၁ မိနစ်မှာ အဆန်စီရို၊ ၅၁ မိနစ် ပင်နယ်တီဂိုးနဲ့ ၅၄ မိနစ်မှာ တောရက်စ်၊ ၇၄ မိနစ်မှာ ဂါဗီ၊ မိနစ် ၉၀ မှာ ဆိုလာ၊ မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ မိုရာတာတို့က အသီးသီးသွင်းယူပေးခဲ့တာပါ။

အုပ်စု (F) အဖွင့်ပွဲစဉ်တွေမှာတော့  မော်ရိုကိုနဲ့ လူကာမိုဒရစ်ဦးဆောင်တဲ့ ခရိုအေးရှားအသင်းတို့ ဂိုးမရှိသရေကျကာ တမှတ်စီ ခွဲယူခဲ့ကြပြီး ဒီဘရိုင်းတို့ရဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ကနေဒါတို့ ပွဲစဉ်မှာတော့  ဘယ်လ်ဂျီယံက (၁-၀) ဂိုးနဲ့ အနိုင် ၃ မှတ်ရသွားပါတယ်။ 

ဒီညပွဲစဉ်တွေအပြီးအမှတ်ပေးဇယား  အုပ်စု (E) မှာ  စပိန်ကအုပ်စုပထမ ၊ ဂျပန်ကအုပ်စု ဒုတိယ၊ ဂျာမနီကတတိယ နေရာမှာရပ်တည်နေပြီး ကော့စတာရီကာကအုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။  အုပ်စု (F) မှာတော့  ဘယ်လ်ဂျီယံအုပ်စု ပထမ၊ ခရိုအေးရှားနဲ့ မော်ရိုကိုက အုပ်စု ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရပ်တည်နေပြီး  ကနေဒါကတော့ အုပ်စု နောက်ဆုံးမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up